ဘင်္ဂလားဒေ့ရှ် ‘အမျိုးသားဖခင်ကြီး’ ၁၀၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ကို ဒေလီတွင် ကျင်းပ

ဘင်္ဂလားဒေ့ရှ် ‘အမျိုးသားဖခင်ကြီး’ ၁၀၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ကို ဒေလီတွင် ကျင်းပ

မတ် ၂၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ‘အမျိုးသားဖခင်ကြီး’ ဖြစ်သူ ဘန်ဂါဘန်ဓူ ရှိတ်ခ်မူဂျီဘာရာမန်၏ ၁၀၁ နှစ်မြောက် မွေးနေ့အား ပြီးခဲ့သည့် သီတင်းပတ်အတွင်းက နယူးဒေလီမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မဟာမင်းကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။ 

မွေးနေ့အထိမ်းအမှတ် အခမ်းအနားအား အလံတင်ခြင်း၊ လွမ်းသူ့ ပန်းခွေချခြင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ပရေးရာဝန်ကြီးတို့က ပေးပို့သည့် သဝဏ်လွှာများကို ဖတ်ကြားကြသည်။

ဘန်ဂါဘန်ဓူသည် ၁၉၇၅ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော်လည်း ၎င်း၏ အမွေအနှစ်နှင့် ဂုဏ်တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ထာဝရ ခွန်အား ဖြစ်စေမည်ဟု အိန္ဒိယနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် မဟာမင်းကြီး မိုဟာမက်အီမန်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်အတွက် ဘန်ဂါဘန်ဓူ၏ သမီးဖြစ်သူကိုလည်း အီမန်က ထည့်သွင်း ချီးမွမ်းခဲ့သည်။

‘ကာလအားလုံးအတွက် အကြီးမြတ်ဆုံး ဘင်ဂါလီကြီးဖြစ်တဲ့ ‘အမျိုးသားဖခင်ကြီး’ အကြောင်းကို ကျွန်တော်တို့ ကလေးတွေ သင်ယူသင့်ပါတယ်။ဒါမှသာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသူမျှော်လင့်ခဲ့တဲ့ ‘ကြီးမြတ်သော ဘင်ဂါလီ’ နိုင်ငံတော်ကြီးအဖြစ်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်”ဟု၎င်းက ပြောကြားသည်။

မွေးနေ့အခမ်းအနား ကျင်းပသည့်နေ့ အစောပိုင်းကလည်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဘန်ဂါဘန်ဓူအား ဂါရဝပြုခဲ့သည်။ “လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တို့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဘန်ဂါဘန်ဓူ ရှိတ်ခ်မူဂျီဘာရာမန်ကို သူ့မွေးနေ့မျာ လှိုက်လှဲစွာနဲ့ ဂါရဝပြုပါတယ်” ဟု မိုဒီက သူ၏ တွစ်တာတွင် ရေးသားခဲ့သည်။

မိုဒီသည် မတ် ၂၆ ရက်တွင် ဒါကာမြို့သို့ လာရောက်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံလွတ်လပ်ရေး ရွှေရတု အခမ်းအနားနှင့် ဘန်ဂါဘန်ဓူ ရှိတ်ခ်မူဂျီဘာရာမန်၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်‌ရောက်ရန် စီစဉ်ထားသည်။
ရာမန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး သမ္မတဖြစ်ပြီးနောက် နိုင်ငံ၏ ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly