မတ်လ၊ ၂၃ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုအခြေအနေများ

မတ်လ၊ ၂၃ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုအခြေအနေများ
မတ်လ ၂၂ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ ၏ တပ်ဖွဲ့များက ပစ်ခတ်သဖြင့် ကျဆုံးသွားသော၊ မန္တလေးရှိမောင်ထွန်းထွန်းအောင်၏ဈာပန (ဓါတ်ပုံ။ EPA) အကြမ်းဖက်စစ်ကောင်စီ၏ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွဲမှုများပြားလာသော်လည်း အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြမှုများဆက်လက်ဖြစ်ပွားခဲ့သည်

မတ် ၂၃၊ ၂၀၂၁

ထားဝယ်တွင် လမ်းပေါ်က ပြည်သူများကို စစ်ကားကလိုက်တိုက်၊ တစ်ဦး သေဆုံး

ယနေ့ မတ်လ ၂၃ ရက် မနက်ပိုင်းတွင် ထားဝယ်မြို့ပေါ်မှာ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ကားများနှင့် လှည့်နေပြီး မွန်းလွှဲပိုင်းအချိန်မှာတော့ လမ်းပေါ်တွင် ဖြတ်သန်းသွားလာသူများ၊ ဆိုင်ကယ်စီးနင်းမောင်းလာသူများကို ဖြတ်တိုက်ခဲ့တာဖြစ်ပြီး လမ်းဖြတ်ကူးနေသော ပြည်သူတစ်ဦး သေဆုံးသွားခဲ့ပါသည်။ စစ်ကားနှင့် ကြိတ်ခံရပြီး သေဆုံးသူမှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်နေ ကိုဇင်ဆိုသူဖြစ်တယ်လို့ သိရပါသည်။ ဦးခေါင်းပိုင်းကို ကြိတ်ခံရတာဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရှိရပါသည်။ ယခုလို စစ်တပ်နှင့်ရဲက အကြမ်းဖက်ပြုလုပ်မှုများ ရှိသော်လည်း ထားဝယ်က ဒေသခံတွေဟာ အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများနှင့် ဆန့်ကျင်ရေးပုံစံအမျိုးမျိုးကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

မန္တလေးမြို့တွင် ဦးခေါင်း ကျည်ထိမှန်သူ ၂ ဦးရှိ

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းတစ်လျှောက်ကို အင်အားအဘုံးအရင်းဖြင့် ဝင်ရောက်ပြီး အကြမ်းဖက်ပစ်ခတ်၊ မီးရှို့ခြင်းများ ပြုလုပ်နေတာ ၂ ရက်တိုင်တိုင် ရှိပြီဖြစ်ပါသည်။ ယနေ့ မတ်လ ၂၃ ရက် မနက်ပိုင်းတွင်လည်း မနော်ဟရီလမ်း၊ ၅၉ လမ်းနှင့် လမ်း ၆၀ကြား၊ သံလမ်းအနီးတွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ၏ မဆင်မခြင်ပစ်ခတ်မှုကြောင့် အသက် ၂၀ အရွယ်၊ ကိုချမ်းသာထွေးဆိုသူ ဦးခေါင်းကျည်ထိ ကျဆုံးခဲ့ပါသည်။ ဒါ့အပြင် ညနေ ၃ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် ကိုဝင်းထွန်းဦး၊ ဦးခေါင်း ကျည်ဆံထိမှန်ပြီး ကွယ်လွန်သွားခဲ့ပါသည်။ ယင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများလည်း ရှိကြောင်း သိရသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကြောင့် မန္တလေး၊ မနော်ဟရီလမ်းတစ်လျှောက်၊ မြရည်နန္ဒာ၊ အောင်ပင်လယ်နှင့် အောင်သာယာရပ်ကွက်တွင်းမှာ အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးမှုများ ရှိခဲ့ပါသည်။

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် အရုဏ်ဦးသပိတ်များ များပြားလာ

မြန်မာပြည်သူလူထုများသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်၊ ပစ်ခတ်၊ လက်နက်ကိုင်သောင်းကျန်းမှုများကို နေ့စဉ်ကြုံတွေ့နေကြရပါသည်။ ပြည်သူလူထုကလည်း စစ်အာဏာရှင်အလိုမရှိကြောင်း ပုံစံအမျိုးမျိုးဖြင့် နေ့ရော၊ ညပါ မပျက်မကွက်ငြိမ်းချမ်းစွာ ပိတ်မှောက်ဆန္ဒပြလျက်ရှိပါသည်။ ယခုအချိန်မှာတော့ ပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ပစ်ခတ်မှုကို တတ်နိုင်သမျှ ရှောင်ရှားနိုင်ဖို့ နံနက်ခင်း၊အရုဏ်ဦးအချိန်ကို ရွေးပြီး ရပ်ကွက်တွင်းစီတန်းလှည့်လည် ဆန္ဒပြလာကြပါသည်။ အချိန်အားဖြင့် နံနက် ၄ နာရီမှာ ၆ နာရီဝန်းကျင်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ရေးသားထားသော ဆိုင်းဘုတ်များကိုင်ကာ လမ်းလျှောက်ဆန္ဒပြကြပြီး မိုးလင်းအချိန်မှာ လူစုခွဲကြပါသည်။ ယနေ့ မတ်လ ၂၃ ရက် အရုဏ်ဦးမှာလည်း ရန်ကုန်မြို့က မြို့နယ်အများစုမှာ အရုဏ်ဦးသပိတ်များ ပြုလုပ်ခဲ့ကြပါသည်။ ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ လှိုင်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ သာကေတမြို့နယ်၊ တာမွေမြို့နယ်နှင့် ကျောက်မြောင်း၊ အင်းစိန်မြို့နယ်များတွင် အရုဏ်ဦးသပိတ်များ ပြုလုပ်ခဲ့ကြပါသည်။ ဒါ့အပြင် မန္တလေး၊ ပဲခူး၊ မကွေးအပါအဝင် မြို့ကြီးအများစုတွင်လည်း အရုဏ်ဦးသပိတ်များပြုလုပ်ခဲ့ကြပါသည်။

နေ့စဉ် မနက် ၁၀ နာရီတိုင်း အိမ်ရှေ့ထွက်ပြီး အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုပြုလုပ်ရန်နှင့် တိတ်ဆိတ်ခြင်းသပိတ်အတွက် လူငယ်များတိုက်တွန်း စစ်အာဏာရှင်ပြုတ်ကျရေးလှုပ်ရှားမှု၊ နွေဦးတော်လှန်ရေး၊ နွေဦးတိုက်ပွဲမှာ သွေးမအေးသွားကြဖို့ အတွက် လူငယ်များက တိုက်တွန်းနှိုးဆော်နေကြပါသည်။ လမ်းပေါ်လှုပ်ရှားမှုများကို အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်မှုများ ရှိသည့်အတွက် မိမိအိမ်ရှေ့မှာပဲ နေ့စဉ် မနက် ၁၀ နာရီတိုင်း အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြဖို့ ကျောင်းသားအဖွဲ့အစည်းတစ်ခုဖြစ်သည့် တကသများ (ရန်ကုန်)က ယနေ့ မတ်လ၂၃ ရက်နေ့မှာ ပြည်သူများကို သတင်းစကားပါးနေကြပါသည်။ သမဂ္ဂကျောင်းသားများသည် တာမွေမြို့နယ်တွင်းက ဈေးများ၊ တောင်ဒဂုံဈေးများ၊ ရန်ကင်းဈေးတွင် လှုပ်ရှားဟောပြောမှု ပြုလုပ်ခဲ့ကြတာဖြစ်ပါသည်။ ဒါ့အပြင် မနက်ဖြန် မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်မည့် Silent Strike Campaign တိတ်ဆိတ်ခြင်းသပိတ်ကိုလည်း ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆိုခဲ့ကြပါသည်။ တိတ်ဆိတ်ခြင်းသပိတ်ဆိုသည်မှာ ပြည်သူများ လမ်းပေါ် ကားမရှိ၊ လူမရှိ၊ ဈေးများပိတ်ခြင်း၊ ဆိုင်များပိတ်ခြင်းဖြင့် အာဏာရှင်ကို ဆန့်ကျင်သည့် သပိတ်တစ်မျိုးဖြစ်ပါသည်။ ဒါ့အပြင် တိတ်ဆိတ်ခြင်းသပိတ်သည် ကျဆုံးသွားသည့် သူရဲကောင်းများအတွက် ငြိမ်သက်တိတ်ဆိတ်ပေးခြင်း၊ ကုန်ခမ်းသွားသော အားအင်များ ပြန်လည်ဖြည့်တင်းခြင်း၊ အကြမ်းဖက်သူများ၏ ပုံမှန်အတိုင်းပြန်လည်ပတ်နေသည်ဆိုသောစကားကို ဆန့်ကျင်ပယ်ဖျက်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်၊ မိုးကောင်းက “ထွက်အုံးစို့” ကမ်ပိန်း

ယနေ့ မတ်လ ၂၃ ရက်နေ့ နေ့လည်ပိုင်းတွင် ကချင်ပြည်နယ်၊ မိုးကောင်းက ပြည်သူတစ်ချို့သည် စစ်အာဏာရှင်အလိုမရှိကြောင်းကို အောင်ပွဲအတွက် ထွက်အုံးစို့ကမ်ပိန်းလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ၎င်းကမ်ပိန်းဟာ လမ်းသွားလမ်းလာပြည်သူတွေကို ဖျော်ရည်တိုက်ကျွေးပြီး ဆန္ဒထုတ်ဖော်သော ပုံစံဖြစ်ပါသည်။

အလုံက စက္ကူကြိုးကြာသပိတ်

ပြည်သူလူထုက စစ်အာဏာရှင် အလိုမရှိကြောင်း ပုံစံအမျိုးမျိုးဖြင့် ဆန္ဒထုတ်ဖော်လျက်ရှိရာ ယနေ့ မတ်လ ၂၃ ရက်မှာလည်း ရန်ကုန်၊ အလုံမြို့နယ်က ပြည်သူတွေက စက္ကူကြိုးကြာသပိတ် ပြုလုပ်ခဲ့ကြပါသည်။ အဖြူရောင်နှင့် အနီရောင်စာရွက်များကို ကြိုးကြာဌက်ပုံစံခေါက်ပြီး ဌက်ပျံဝဲနေသည့်ပုံစံမျိူးဖြစ်အောင် လမ်းပေါ်က ကြိုးတန်းမှာ ချိတ်ထားပါသည်။ ကျန်းမာခြင်း၊ လွတ်မြောက်ခြင်း၊ ငြိမ်းချမ်းခြင်း အပါအဝင် ပြည်သူများလိုလားတောင့်တသည့် စစ်မှန်သည့် ဖယ်ဒရယ်ဒီမိုကရေစီရရှိရန် ပြင်းပြသော ဆုတောင်းခြင်းအတွက် ရည်ရွယ်ကြောင်း သိရသည်။စက္ကူကြိုးကြာချိတ်ထားသည့် ကြိုးတန်းအောက်တွင်လည်း အာဏာရှင်ကို အလိုမရှိကြောင်း စာများရေးထားသည်ကို တွေ့ရှိရပါသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ကျဆုံးရေး လူထုအင်အားများစွာ ဆန္ဒထုတ်ဖော်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၊ မုံရွာမြို့တို့တွင် ယနေ့မတ်လ ၂၃ ရက် နံနက်ပိုင်းက စစ်အာဏာရှင်ကျဆုံးရေးအတွက် သောင်းနှင့်ချီသော ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆရာတော်သံဃတော်များ၊ CDM ပြုလုပ်နေသော ကျောင်းဆရာ၊ဆရာမများ၊ အင်ဂျင်နီယာများနှင့် အခြားဝန်ထမ်းများအပြင် ကျေးရွာအသီးအသီးက ဒေသခံများက မြို့ကြီးများပေါ်က ပင်မသပိတ်စစ်ကြောင်းများကို လာရောက်ပူးပေါင်းပြီး လမ်းလျှောက်သပိတ်၊ ထိုင်သပိတ်များပြုလုပ်ခဲ့ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့က လူထုလှုပ်ရှားမှုကို အာဏသိမ်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုများရှိနေသော်လည်း ပြည်သူလူထုက အင်အားမလျော့သွားဘဲ နေ့စဉ် လူထုသောင်းချီ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်လျက်ရှိသည်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စစ်အာဏာရှင်ကို တော်လှန်နေကြသည်

ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့မှ ဒေသခံ ၁၀၀၀ ကျော်သည် စစ်အာဏာရှင်ကို အလိုမရှိကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မြို့နယ်တစ်ခုလုံးမှာ သီးခြားစီ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များ၏ အကြမ်းဖက်ပစ်ခတ်၊ ရပ်ကွက်တွင်း လက်နက်ပြခြိမ်းခြောက်၊ မီးရှို့ဖျက်ဆီးမှုများ အားကောင်းလာသော်လည်း လူထုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေက ရပ်သွားခြင်းမရှိပါ။စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၅၁ ရက်အကြာ မတ် ၂၃ ရက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၈၀ ကျော်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်များ ပြုလုပ်ခဲ့ကြသည်။

အထက်ပါ သတင်းအကြောင်းအရာများသည် မတ်လ ၂၃ ရက်၊ နံနက်ပိုင်းမှ ညနေ ၆ နာရီအတွင်းရရှိသော သတင်းများထဲမှ စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly