အာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်မှုများ အမေရိကန် ထပ်တိုးချမှတ်

အာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်မှုများ အမေရိကန် ထပ်တိုးချမှတ်
Photo - AFP

မတ် ၂၃

ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအပေါ် လူ့အသက်သေဆုံးစေသည်အထိ အကြမ်းဖက်ဖြိုခွင်းမှုများအတွက် မြန်မာအာဏာသိမ်းစစ်အုပ်စုကို ပစ်မှတ်ထားပြီး အမေရိကန်က ယမန်နေ့တွင် အရေးယူဒဏ်ခတ်မှုများ ထပ်မံချမှတ်ခဲ့သည်။

ဆန္ဒပြပွဲများအပေါ် ဖိနှိပ်မှုအတွက် ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးတို့အပေါ် အရေးယူဒဏ်ခတ်ကြောင်း အမေရိကန်ဘဏ္ဍာရေး၀န်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ စစ်ဘက်အရာရှိနှစ်ဦးစလုံးသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း လူအများအပြားကို အသက်ဆုံးရှုံးစေခဲ့သည့် အင်အားသုံးအကြမ်းဖက်ဖြိုခွင်းနှိမ်နင်းမှုများအတွက် တာ၀န်ရှိသူများဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေး၀န်ကြီးဌာနက ပြောသည်။


အလားတူ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးသည် ဆန္ဒပြသူများကို ရင်ဆိုင်ဖြိုခွင်းရန်အတွက် တပ်ဖွဲ့၀င်များ စေလွှတ်ပြီး စစ်မြေပြင်သုံး လက်နက်များ၊ နည်းလမ်းများ အသုံးပြုစေခဲ့မှုအတွက် တာ၀န်ရှိသူဖြစ်ကြောင်း အမေရိကန်က ပြောသည်။

ထို့ပြင် ယခု အမေရိကန်၏ အရေးယူမှုအောက်တွင် ဆန္ဒပြပွဲများကို ဖြိုခွင်းရာ၌ ပါ၀င်ပတ်သက်ခဲ့သည့် စစ်တပ်၏ တပ်မနှစ်ခုကိုလည်း အရေးယူဒဏ်ခတ်ကြောင်း ဖော်ပြထားခဲ့သည်။

ယခုအရေးယူဒဏ်ခတ်ခံရသူများကို အမေရိကန်နိုင်ငံသားများနှင့် စီးပွားရေးလုပ်‌ဆောင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်ထဲ ၀င်ရောက်ခြင်းတို့ကနေ တားမြစ်မည်ဖြစ်သလို အဆိုပါ ဒဏ်ခတ်အရေးယူခံရသူများသည် အမေရိကန် တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိကောင်းရှိထားနိုင်သည့် ၎င်းတို့၏ ပိုင်ဆိုင်မှုများလည်း အပိတ်ခံရမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required