မြန်မာ အာဏာသိမ်းမှုတွင် ပါ၀င်ပတ်သက်ခဲ့သူ ၁၁ ဦးအပေါ် အီးယူ အရေးယူဒဏ်ခတ်မည်

မြန်မာ အာဏာသိမ်းမှုတွင် ပါ၀င်ပတ်သက်ခဲ့သူ ၁၁ ဦးအပေါ် အီးယူ အရေးယူဒဏ်ခတ်မည်

မတ် ၂၂

မြန်မာနိုင်ငံ၌ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုနှင့် ဆက်နွယ်ပတ်သက်သည့် လူပုဂ္ဂိုလ် ၁၁ ဦးအပေါ် ဥ‌ရောပသမဂ္ဂက တနင်္လာနေ့တွင် အရေးယူဒဏ်ခတ်မှုများ ချမှတ်မည်ဖြစ်ကြောင်း အီးယူ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘောရဲလ်က အီးယူနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ခုအတွက် ဘရက်ဆဲလ်မြို့သို့ ရောက်ရှိခဲ့စဉ် ပြောကြားခဲ့သည်။

အီးယူအုပ်စုသည် မြန်မာအပေါ် လက်နက်ကုန်သွယ်မှု ပိတ်ပင်မိန့်တစ်ရပ် လုပ်ဆောင်ထားသလို ၂၀၁၈ နောက်ပိုင်း အဆင့်မြင့်စစ်ဘက်အရာရှိကြီးတစ်ချို့အပေါ် အရေးယူဒဏ်ခတ်မှုများ ပစ်မှတ်ထားလုပ်ဆောင်ထားသည်။

ယခု အ‌ရေးယူဒဏ်ခတ်မည့် အစီအမံများသည် အာဏာသိမ်းမှုနောက်ပိုင်း လက်ရှိအချိန်အထိ ယင်း၏ အရေးပါဆုံး တုံ့ပြန်မှု ဖြစ်လာမည်ဖြစ်သည်။

“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြောရရင် အာဏာသိမ်းမှုနဲ့ ဆန္ဒပြသူတွေအပေါ် ဖိနှိပ်မှုတွေမှာ ပါ၀င်ပတ်သက်ထားခဲ့သူ ၁၁ ဦးအပေါ် အရေးယူမှုတွေ ကျွန်တော်တို့ ချမှတ်သွားမှာ ဖြစ်တယ်” ဟု ဘောရဲလ်က ပြောခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ အခြေအနေသည် ယိုယွင်းဆိုးရွားလာနေခဲ့သည်ဟုလည်း ၎င်းက ပြောခဲ့သည်။

အီးယူဘက်က အရေးယူမှု အစီအမံများကို ပြင်ဆင်နေကြောင်း ရိုက်တာက မတ်လ ၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။ အရေးယူဒဏ်ခတ်မှုများကို အီးယူ၀န်ကြီးများက တရား၀င် ဆုံးဖြတ်ပြီးသည်နှင့်တပြိုင်နက် လူပုဂ္ဂိုလ်များ၏ အမည်များကို အများသို့ ထုတ်‌ဖော်မည်ဟု မျှော်လင့်ရသည်။

အဆိုပါ အီးယူအုပ်စုသည် မြန်မာစစ်တပ် လည်ပတ်လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများကိုလည်း ပစ်မှတ်ထားရန် လုပ်ဆောင်နေစဥ် ပိုမို အားကောင်းသည့် အရေးယူမှုအစီအမံများ မကြာမီ ရှိလာဖွယ် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required