NLD အနိုင်ရ အမတ်နှင့် အောင်နိုင်ရေး တာဝန်ခံကို စွပ်စွဲရေးသားသည်ဆိုကာ ဒေါ်ညိုညိုသင်း အမှုဖွင့်

NLD အနိုင်ရ အမတ်နှင့် အောင်နိုင်ရေး တာဝန်ခံကို စွပ်စွဲရေးသားသည်ဆိုကာ ဒေါ်ညိုညိုသင်း အမှုဖွင့်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းမြင့်နှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး အထူးတာဝန်ခံ ဦးစိုးညွန့်တို့ လက်ရှိ ရန်ကုန်တိုင်း လွှတ်တော်အမတ် ဒေါ်ညိုညို သင်းကို စွပ်စွဲရေးသားသည်ဆိုကာ အမှုဖွင့်ထားသည်ကို ဖြေရှင်းတောင်းပန်မှ အမှုကို ရုတ်သိမ်းပေးနိုင်မည်ဟု ဒေါ်ညိုညိုသင်းကဆိုသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဗဟိန်းမြို့နယ်မှ တသီးပုဂ္ဂလအမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ညိုညိုသင်းက ဗဟန်းရဲစခန်းတွင် ဦးစိုးညွန့်နှင့် ဦးထွန်းမြင့်တို့အပေါ် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ဃ)ဖြင့် အမှုဖွင့်ထားမှုနှင့် ပက်သက်ပြီး ဆက်သွယ်မေးမြန်းရာတွင် ပြောခြင်းဖြစ်သည်။

"ကန့်ကွက်လွှာ တင်ဖို့အဆင့်ထိတော့ မစဉ်းစား ထားပါဘူး။ ဦးစိုးညွန့်ထုတ်တဲ့ စာအုပ်ထဲမှာ ပါထားတဲ့ စာနဲ့ပက်သက်ပြီး ဖြေရှင်း တောင်းပန်ရင် ဒီအမှုက ဒီမှာပဲ ပြီးသွာမှာပါ" ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်ညိုညိုသင်း၏ ပါတီဟောင်း ဖြစ်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) အောင်နိုင်ရေးအတွက် ငွေကျပ် ၁၀သိန်း ထောက်ပံ့ပေးရန် ဒေါ်အောင်ဆန်းစုကြည်က တစ်ဆင့် ညွှန်ကြား၍ ရံပုံငွေအဖြစ် လှူဒါန်းခဲ့ကြောင်း ရေးသားထားသည့် စာအုပ်ကို ဦးစိုးညွန့်က အောက်တို ဘာလအစပိုင်းတွင် ထုတ်ဝေခဲ့သည်ကို ရည်ညွှန်းကာ သူမကပြောသည်။

ထိုကဲ့သို့ အားပေး ကူညီခဲ့ခြင်းကြောင့် ရန်ကုန်တိုင်း လွှတ်တော်အတွင်း ရွေးချယ်ခံ ရောက်ရှိပြီး ထင်ပေါ်ကျော်ကြားသူများ ဖြစ်လာခဲ့သည်ဟု အဆိုပါ စာအုပ်တွင် ပါရှိခြင်းကြောင့် အမှုဖွင့်ခြင်း ဖြစ်သည်ဟုလည်း ဒေါ်ညိုညိုသင်းက ဆိုသည်။

အမှုဖွင့်ထားခြင်းနှင့် ပက်သက်ပြီး ဗဟန်းမြို့နယ်မှ အနိုင်ရ ပြည်သူ့ လွှတ်တော်အမတ် ဦးထွန်းမြင့်က "စာအုပ်ထုတ်တာနဲ့ ပက်သက်ပြီးတော့ ဦးစိုးညွန့်ပဲ သိပါတယ်။ ကျွန်တော်တော့ မသိပါဘူး။ စာအုပ်ထုတ်တာလည်း ခိုင်မာတဲ့အချက်အလက် ရှိလို့ရေးတယ်လို့ သုံးသပ်လို့ ရတယ်။ ကျွန်တော့်ကို အမှုဖွင့်ချင်တယ်ဆိုရင် ခိုင်မာအောင်ဖွင့်ပါ။ တရားဥပဒေအရ ရင်ဆိုင်ဖို့ အသင့်ပါပဲ၊ ရွေးကောက်ပွဲ ကာလအတွင်းမှ တရားမဲပြုကျင့်မှု တစ်ခုမှ မလုပ်ခဲ့ပါဘူး" ဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုကမူ ၂၀၁၀ ရွေးကောက်ပွဲတွင် NLD ပါတီက ငွေဆယ်သိန်းကို ပါတီရံပုံငွေအဖြစ် လှူဒါန်းခဲ့သော်လည်း ဒေါ်ညိုညိုသင်းအတွက် ပေးအပ်ခဲ့ခြင်း မရှိကြောင်းနှင့် ရွေးကောက်ပွဲဝင်ရန် အခက်ခဲရှိသည့် အမတ်လောင်း သုံးဦးသို့သာ ခွဲဝေပေးခဲ့ခြင်းဖြစ်သည်ဟု ဥက္ကဌ ဦးသုဝေမှသိရှိထားသည်ဟု ပြောသည်။

"အဲဒီတုန်းကဝင်မယ့် ၃ယောက်ကို တစ်ယောက်ကို ၅ သိန်း၊ ကျန်တဲ့ နှစ်ယောက်ကို ၃သိန်းနဲ့ ၂သိန်း ခွဲပေးခဲ့တယ်လို့ ဦးသုဝေကပြောတယ်။ ဦးသုဝေကလည်း ပါတီရံပုံငွေ ဖြစ်တဲ့အတွက် ဒီလိုရေးသား ခဲ့တာကို ဘာမှဖြေရှင်းဖို့ မလိုဘူးလို့တော့ ကျွန်မကို ပြောပြဖူးတယ်" ဟု ဆိုသည်။

ဗဟန်းရဲစခန်းတွင် အမှုဖွင့်ထားမှုနှင့်ပက်သက်ပြီး သက်ဆိုင်ရာ ပက်သက်သူများကို စစ်ဆေးမှုများ ပြုလုပ်နေပြီး ရဲစခန်းတွင်သာ အမှုကို လက်ခံထားရှိထားသည် ဟုလည်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်က မဇ္ဈိမကို ပြောသည်။ စာအုပ်ထုတ်ဝေရေးသားခဲ့သည့် ဦးစိုးညွန့်ကို မဇ္ဈိမက တယ်လီဖုန်းဖြင့်ဆက်သွယ်ရာ၊ ဖုန်းပိတ်ထားသည်။

ဆန္ဒမဲပေးခြင်း ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲ ပျက်ပြားစေရန်ဖြစ်စေ၊ စည်းဝေး ဟောပြောလှုံ့ဆော်ခြင်း၊ ရေးသားဖြန့်ချိခြင်း၊ ပိုစတာများ အသုံးပြုခြင်း သို့မဟုတ်၊ အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းပါက ငွေဒဏ် တစ်သိန်းသို့မဟုတ်၊ တစ်နှစ်ထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်ဟု ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ဃ)တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required