မြန်မာစစ်အာဏာရှင်များအား အထိနာစေမည့် နောက်ထပ်ဘဏ္ဍာရေးအရပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် စာရင်းသစ်တခုကို ကမ္ဘာ့အလုပ်သမားသမဂ္ဂများ ထုတ်ပြန်

မြန်မာစစ်အာဏာရှင်များအား အထိနာစေမည့် နောက်ထပ်ဘဏ္ဍာရေးအရပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် စာရင်းသစ်တခုကို ကမ္ဘာ့အလုပ်သမားသမဂ္ဂများ ထုတ်ပြန်
Photo - AFP

မတ် ၂၀

မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့်နီးစပ်သော လူ ၂၃ ဦး၏အမည်စာရင်းကို ကမ္ဘာ့အလုပ်သမားသမဂ္ဂအ ဖွဲ့ကြီးနှစ်ခုကထုတ်ပြန်လိုက်သည်။ ယင်းတို့သည်စစ်ခေါင်းဆောင်များ၏နောက်ကွယ်မှလုပ်ကိုင်ပေးနေသူ များဖြစ်သည့်အတွက်ဘဏ္ဍာရေးအရပိတ်ဆို့အရေးယူမှုများပြုလုပ်သင့်သည်ဟု ထိုအဖွဲ့များကဆိုသည်။

နိုင်ငံတကာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC) နှင့် ဘဏ္ဍာရေးကဏ္ဍမှအလုပ်သမားများကိုကိုယ်စားပြု ထားသည့် UNI Global Union  တို့ကထိုစာရင်းကိုထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး၊ ထိုစာရင်းထဲတွင် အောင်ပြည့် စုံ၊ မျိုးရတနာသိန်း၊ ခင်သီရိမွန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဆွေမျိုးသားချင်းများ၊ ဗိုလ်ချုပ်ကြီး ဟောင်းဦးနေဝင်း၏မြေးများဖြစ်သော အေးနေဝင်းနှင့်ကျော်နေဝင်း တို့ပါဝင်ကြသည်။

Configure
ထိုစာရင်းထဲတွင်အခြားအမည်များဖြစ်သော ဆရာဝန်နှင့်စီးပွားရေးလုပ်ငန်းရှင်ဖြစ်သော သက်သက်ခိုင်၊ အေဒင်စီးပွားရေးလုပ်ငန်းစုကြီး၏ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ ထူး ကုမ္ပဏီလုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌ ဦးတေဇ၊ ဗိုလ်မှူး ကြီးဟောင်းအောင်သောင်းနှင့်ဗိုလ်ချုပ်ကြီးဟောင်းသူရရွှေမန်းတို့၏စီးပွားဖက်နှင့်ဆွေမျိုးများ၊ နှင့် မကြာ သေးမီက အာဏာသိမ်းစစ်ကောင်စီ၏အကြံပေးအဖြစ်ခန့်အပ်ခြင်းခံရသော အမေရိကန်နိုင်ငံသား ဒေါက်တာအင်ဒရူးငွန်ကျုံးလျန် တို့ပါဝင်သည်။

ITUC အထွေထွေအတွင်းရေးမှူး ရှာရန်ဘာရိုး (Sharan Burrow) က “အမေရိကန်နဲ့အခြားနိုင်ငံတွေကချ မှတ်ထားတဲ့ ဘဏ္ဍာရေးအရပိတ်ဆို့အရေးယူမှုတွေကိုရှောင်ရှားဘို့အတွက် ဗိုလ်ချုပ်ကြီးတွေက ဒီလူတွေ ကိုအသုံးပြုနေတာ။ ခုလိုယိုပေါက်ဟာပေါက်တွေကို ပိတ်ဆို့ဘို့အတွက် ဒီလူတွေကိုလဲ ရေပက်မဝင် လုပ် ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေထဲမှာထည့်ထားဘို့လိုတယ်။  အစိုးရတွေမှာလဲအရေးယူဘို့တာဝန်ရှိတယ်။ ဘဏ်တွေနဲ့ အကြွေးကတ်ကုမ္ပဏီတွေအပါအဝင်ဘဏ္ဍာရေးအုပ်စုတွေကလဲ စစ်အစိုးရကချုပ်ကိုင်ထားတဲ့ ဒီဂျပိုးသူခိုးတွေကိုချေးငွေမရအောင်ငွေကြေးမရအောင်ပိတ်ပင်ထားဘို့လိုတယ်” ဟုပြောသည်။

“စစ်အာဏာသိမ်းခေါင်းဆောင်တွေနဲ့သူတို့ရဲ့ အပေါင်းအဖော်တွေအကြားငွေပေးငွေယူလုပ်နေတာတွေကို လဲ SWIFT လို စာရင်းရှင်းလင်းရေးအဖွဲ့ကြီးတွေက ပိတ်ဆို့ပေးထားဘို့လဲတောင်းဆိုထားပါတယ်။ အပြစ်မဲ့ ပြည်သူတွေကိုသတ်ဖြတ်ရာမှာ နဲ့ တိုင်းပြည်ငွေကြေးတွေယိုဖိတ်ဆုံးရှုံးရာမှာ ကော်ပိုရေးရှင်းကြီးတွေ ပါဝင် ပတ်သက်နေတာဟာလက်ခံနိုင်စရာမရှိပါဘူး”ဟု သူက ဆက်ပြောသည်။

စစ်အစိုးရက လုံးလုံးသော်၎င်း တစိတ်တပိုင်းသော်၎င်း ပိုင်ဆိုင်ထားသည့် မြဝတီဘဏ်၊ အင်းဝဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဆောက်လုပ်ရေး အခြေခံအဆောက်အအုံနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဘဏ်(CHID) တို့နှင့်အဆက်အသွယ်များဖြတ်တောက်ကြပါရန်လည်း အဆိုပါသမဂ္ဂများက ဘဏ်များကိုတောင်းဆိုထား သည်။

UNI Global Union အထွေထွေအတွင်းရေးမှူး ခရစ်စတီဟော့ဖ်မင် က “ငယ်ရွယ်တဲ့ငြိမ်းချမ်းစွာဆန္ဒပြနေ သူတွေကို မြန်မာစစ်အစိုးရက ပိုမိုအကြမ်းဖက်သတ်ဖြတ်လာတာနဲ့အမျှ ဘဏ်များအပါအဝင် မြန်မာနိုင်ငံ နဲ့ အဆက်အဆံရှိတဲ့ ကုမ္ပဏီများအားလုံးဟာ ဒီလိုလက်ခံနိုင်ဖွယ်ရာမရှိတဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ရပ်တန့်အောင်လုပ်ဘို့ ပိုပြီးတာဝန်ရှိလာနေပါတယ်” ဟုပြောကြားခဲ့သည်။

“စစ်အစိုးရရဲ့ထိပ်တန်းဗိုလ်ချုပ်ကြီးတွေကို ပိတ်ဆို့အရေးယူတာဟာ အရေးပါတဲ့ခြေလှမ်းတရပ်ဘဲ၊ ဒါပေမဲ့ ဒါနဲ့မလုံလောက်သေးဘူး။ သူတို့ရဲ့အတွင်းစည်းကို ချေးငွေနဲ့ငွေကြေးတွေမရအောင် အကုန်ပိတ်ဆို့ထားရ မယ်။ စစ်အာဏာသိမ်းခေါင်းဆောင်တွေနဲ့ အကြမ်းဖက်မှုတွေကတဆင့် အကျိုးအမြတ်ရရှိနေသူတွေအား လုံးကိုပိတ်ဆို့အရေးယူရမယ်။”

ITUC သည် အလုပ်သမားများ၏အခွင့်အရေးနှင့်အကျိုးစီးပွားများကို နိုင်ငံတကာ အလုပ်သမားသမဂ္ဂများ ပူး ပေါင်းဆောင်ရွက်မှုမှတဆင့် ရှေ့ဆောင်ရှေ့ရွက်ပြုကာကာကွယ်မြှင့်တင်ပေးနေသော ကမ္ဘာ့အလုပ်သမားထု ကြီး၏အသံ အလုပ်သမားအဖွဲ့အစည်းကြီးဖြစ်သည်။ ယင်းသည် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုများ၊ အဓိက ကမ္ဘာ့အဖွဲ့အစည်းကြီးများအကြား ဆော်ဩမှုများပြုလုပ်နေသော ကမ္ဘာ့အဖွဲ့အစည်းကြီးဖြစ်သည်။

UNI Global Union မှာ ဆွစ်ဇာလန်နိုင်ငံ Nyon မြို့အတွင်အခြေစိုက်ထားပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်မှ ကူးသန်းရောင်းဝယ်ရေး၊ ဘဏ္ဍာရေး၊ ဂိမ်းလုပ်ငန်းများ၊ သတင်းအချက်အလက်၊ ဆက်သွယ်ရေး၊ နည်းပညာ နှင့် ဝန်ဆောင်မှုလုပ်ငန်းများ(ICTS)၊ စာတိုက်နှင့် အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းများလုပ်ကိုင်နေသည့် အလုပ် သမားပေါင်း သန်း ၂၀ ကျော်ကို ကိုယ်စားပြုထားသည့်အဖွဲ့အစည်းကြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly