အိန္ဒိယတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်

အိန္ဒိယတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်

မတ် ၂၀

အိန္ဒိယတွင် ယခုနှစ်အစောပိုင်းအထိ ကိုဗစ်ရောဂါ ကူးစက်မှု ကျဆင်းခဲ့သော်လည်း ယခုအခါ ပြန်လည်မြင့်တက်လျှက်ရှိသည်။ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ရောဂါပြန်လည် ဖြစ်ပွားလာခြင်းကို ထိန်းချုပ်ရန် ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်ထားသည်။

ချမ်းသာကြွယ်ဝသည့် ပြည်နယ်အချို့၌ ရောဂါဖြစ်ပွားခြင်းကြောင့် နိုင်ငံအတွင်း ကူးစက်မှုအရေအတွက် မြင့်တက်လာခြင်းကို မတ်လ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၇ မှ ၁၈ ရက်အထိ ကူးစက်ခံရသူ ၃၅၈၇၁ဦး ရှိခဲ့ရာ အိန္ဒိယနိုင်ငံအတွင်း စုစုပေါင်း ကူးစက်ခံရသူ အရေအတွက် ၁၁ ဒသမ ၄၇ သန်း ရှိသွားပြီဖြစ်ကာ အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့ပြီးနောက် ကမ္ဘာပေါ်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှု တတိယအများဆုံးနိုင်ငံ ဖြစ်ခဲ့သည်။နောက်ဆုံး သေဆုံးသူအရေအတွက် ၁၇၁ ဦး ရှိခဲ့သောကြောင့် နိုင်ငံတွင်း သေဆုံးသူ ၁၅၉ ၂၁၆ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရောဂါကူးစက်မှုနှုန်း တစ်ဖြည်းဖြည်း မကျဆင်းမီက စက်တင်ဘာလတွင် နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁ သိန်းအထိ ရှိခဲ့သည်။ ဖေဖော်ဝါရီလအစောပိုင်းတွင် တစ်နေ့လျှင် ကူးစက်ခံသူ ၉၀၀၀ အထိ ကျဆင်းသွားပြီးနောက်ပိုင်း ယခုကဲ့သို့ ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။

“ရောဂါကူးစက်မှု ဒုတိယအကြိမ် ပြန်လည်မြင့်တက်လာခြင်းကို လျင်မြန်တိကျတဲ့ နည်းလမ်းတွေနဲ့ ရပ်တန့်နိုင်အောင် လုပ်ဆောင်ရပါမယ်” ဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံ ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင် နယ်မြေ ၇၀တွင် ကူးစက်မှုနှုန်း ၁၅၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး မရပ်တန့်နိုင်ပါက နိုင်ငံအနှံ့ ဖြစ်ပွားလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။

ကူးစက်မှုနှုန်းအမြင့်ဆုံးသည် မွမ်ဘိုင်းမြို့တော်ရှိသည့် မဟာရက်ရှတာ ပြည်နယ်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ထားပြီး ပြည်သူ သန်းပေါင်းများစွာသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ပြန်လည်အသုံးပြုနေကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required