နိုင်ငံရေးအမြတ်ထုတ်ရန် တိဘက်ကိစ္စကို အလေးထားနေကြောင်း တရုတ်ပြောကြား

နိုင်ငံရေးအမြတ်ထုတ်ရန် တိဘက်ကိစ္စကို အလေးထားနေကြောင်း တရုတ်ပြောကြား

မတ် ၂၀

တိဘက်အတွက် တရုတ်အစိုးရမှခန့်အပ်ထားသော ပန်ချန်လားမားက ယခုလ မိန့်ခွန်းတွင် တိဘက်ရေးရာများတွင် နိုင်ငံခြားက ဝင်ရောက်စွက်ဖက်မှုနေသည်ဟု ပြစ်တင် ပြောကြားခဲ့ပြီး၊  တရုတ်ဆန့်ကျင်ရေးအင်အားစုများက တိဘက်ပြည်သူများအတွက် မည်သည့်အရာမျှဂရုမစိုက်ဘဲ၊ တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်အတွက် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာပြဿနာများကိုသာ အလေးထားပြောကြားနေသည်ဟု ဆိုခဲ့သည်။

မတ် ၁၁ ရက်ကကျင်းပခဲ့သည့် တရုတ်ပြည်သူ့အတိုင်ပင်ခံညီလာခံအစည်းအဝေး၌ ပြောကြားရာတွင် CPC အမြဲတမ်းကော်မတီဝင် ပန်ချန်ဂျယ်ဆန် နော်ဘူက " ပြည်ပက တရုတ်ဆန့်ကျင်ရေးအင်အားစုတွေက တရုတ်ပြည်က တိဘက်ပြဿနာတွေနဲ့ ဘာသာရေးပြဿနာတွေကို အလေးထားပြောကြားနေပြီး၊ ဒီအကြောင်းအရာတွေကို နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးမှုအဖြစ်အသွင်ပြောင်းဖို့ ကြိုးပမ်းနေပါတယ်"

လူတစ်ယောက်က ဆင်ခြင်တုံတရားရှိပြီး၊ ဓမ္မဓိဋ္ဌာန်ကျကျရပ်တည်တက်မယ်ဆိုရင် အမှန်တရားကို ရှင်းရှင်းလင်းလင်းမြင်တွေ့ရပါလိမ့်မယ် ဟု နော်ဘူ၏ ပြောကြားချက်ကို တရုတ်အစိုးရ၏ တရားဝင်သတင်းစာ Global Times  က ကိုးကားဖော်ပြခဲ့သည်။ မတ်လ၁၈ရက်က ကြေညာချက်တစ်ခုတွင် အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြည်ပရောက်တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကို ဆက်ခံမှုကိစ္စရပ်ကို ကြားဝင်စွက်ဖက်ခြင်းမပြုသင့်ကြောင်းပြောကြားချက်ကိုလည်း Global Times က ဖော်ပြခဲ့သည်။

တရုတ်အစိုးရ၏ ရုပ်သေးရုပ်အဖြစ် တိဘက်များက အသိအမှတ်ပြုထားသာ ပန်ချန်ဂျယ်ဆန် နော်ဘူ၏ မှတ်ချက်အား အိန္ဒိယအခြေစိုက်တိဘက်ပေါ်လစီအင်စတီကျူ့ဖြစ်သော Dharamsala  မှ လေ့လာသူ တန်ဇင်တက်စတန်က ယခုသီတင်းပတ်အတွင်း ပြင်းပြင်းထန်ထန်ဝေဖန်တုန့်ပြန်ခဲ့သည်။

“အမေရိကန်အစိုးရက လက်မှတ်ထိုးလိုက်လို့ ဥပဒေအဖြစ်အသက်ဝင်သွားတဲ့ တိဘက်မူဝါဒနဲ့ ထောက်ပံ့ရေးအက်ဥပဒေက တိဘက်ဘာသာရေးခေါင်းဆောင်တွေရဲ့ ဆက်ခံမှုဖြစ်စဉ်အပေါ်မှာ ကြားဝင်စွက်ဖက်ရင် တရုတ်ကွန်မြူနစ်ပါတီက အရာရှိတွေကို အရေးယူပိတ်ဆို့မှုတွေချမှတ်ထားမှာပါ” ဟု ဒီဇင်ဘာလက အမေရိကန်ကွန်ဂရက်က ဥပဒေပြဋ္ဌာန်းလိုက်ပြီး သမ္မတဒေါ်နယ်ထရမ့်လက်မှတ်ထိုးပြီး ဥပဒေအဖြစ်အသက်ဝင်သွားသည့် အချက်ကို ရည်ညွှန်းပြီး တန်ဇင်တက်စတန်က  ပြောကြားလိုက်ခြင်းဖြစ်သည်။

"တရုတ်အစိုးရက သူတို့ကိုယ်ပိုင်တောင်းဆိုချက်တွေကိုအခိုင်အမာပြောဆိုဖို့ သူတို့ခန့်အပ်ထားတဲ့ ပန်ချန်းလာမား ကို အသုံးချပြီးအခုကိစ္စကို ကြိုးကိုင်ချယ်လှယ်ဖို့ကြိုးစားနေတယ်လို့ ထင်ပါတယ်" ဟု တန်ဇင်က ဆက်ပြောသည်။

အမေရိကန်ပြည်ထောင်စု၏ မူဝါဒအရ တိဘက်မူဝါဒနဲ့ ထောက်ပံ့ရေးအက်ဥပဒေ ၂၀၂၀ အားပြဋ္ဌာန်းခဲ့ရာတွင် ပြည်ပရောက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကို ဆက်ခံမည့် တိဘက်ဘာသာရေးခေါင်းဆောင်များအား ရွေးချယ်ရာတွင် တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုမှ ကင်းလွတ်ပြီး တိဘက်များသာဆုံးဖြတ်ချက်ချရမည်ဟု ဆိုထားသည်။

ယခုအခါ အသက် ၈၅ နှစ်ရှိပြီဖြစ်သော ဒလိုင်းလားမား အသက်အရွယ်အိုမင်းလာခြင်းအပေါ်စိုးရိမ်ပူပင်နေပြီး၊ ၎င်းကွယ်လွန်ပြီးနောက်တွင်ဆက်ခံနိုင်ချေရှိသူနှင့် ပတ်သက်၍ မကြာသေးမီနှစ်များအတွင်း မသေချာမရေရာမှုအသစ်များကိုပြန်လည်ဖြစ်ပေါ်စေခဲ့သည်။ တရုတ်အစိုးရက ၎င်းအားဆက်ခံသူကို ရွေးချယ်ခွင့်ရှိကြောင်း အခိုင်အမာပြောကြားနေပြီး ဒလိုင်းလားမားကိုယ်တိုင်ကမူ အနာဂတ် ဒလိုင်းလားမားသည် တရုတ်နိုင်ငံ ပြင်ပတွင် မွေးဖွားလိမ့်မည်ဟု ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required