ဉာဏ်ရည်တု နည်းပညာ ဖြန့်ကြက်ထား၍ ‘ဒီဂျစ်တယ် အာဏာရှင်’ ကို စိုးရိမ်နေရ 

ဉာဏ်ရည်တု နည်းပညာ ဖြန့်ကြက်ထား၍ ‘ဒီဂျစ်တယ် အာဏာရှင်’ ကို စိုးရိမ်နေရ 

မတ် ၁၉

အတော်မသတ်သည့် အကြမ်းဖက်မှုများနှင့် လမ်းပေါ်ထောက်လှမ်းခြင်းများကြောင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေရာတွင် ‘ဒီဂျစ်တယ် အာဏာရှင်’ တစ်ဦး အစားထိုးဝင်ရောက်လာမည့် စိုးရိမ်မှုများ ဖြစ်ပွားစေရာ တရုတ်၏ မျက်နှာပြင်ဖတ် ခွဲခြားသည့် နည်းပညာဖြင့် ခြေရာကောက် လိုက်လံခံနေရသည်ဟု ဆန္ဒပြသူများကလည်း စိုးရိမ်မကင်း ဖြစ်လျက် ရှိနေသည်။ 

နိုင်ငံသားများ၏ လှုပ်ရှားမှုများကို ထောက်လှမ်းနိုင်သည့် ဉာဏ်ရည်တုနည်းပညာ AI အား အသုံးပြုခြင်းသည် လွတ်လပ်ခွင့်ကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်ခြင်းအဖြစ် လူ့အခွင့်အရေးအုပ်စုများက ပြောကြသည်။ 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုအတွင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားချိန်မှစ၍ လူပေါင်း ၂၀၀ ကျော်ထက်မနည်း ပစ်ခတ်သတ်ဖြတ်ခံရသည်။ အာဏာသိမ်းမှုကြောင်း ကန့်ကွက်ဆန္ဒပြမှုကြီးများ ဖြစ်ပွားပေါ်ပေါက်ပြီး လုံခြုံရေးတပ်များသည် အကြမ်းဖက်နည်းလမ်းများ တိုး၍ အသုံးပြုကာ နှိမ်နင်းနိုင်ရန် အသည်းအသန် ကြိုးပမ်းနေရသည်။ 

အုပ်ချုပ်ရေးကောင်းမွန်ရန်နှင့် ရာဇဝတ်မှုများ လျှော့ချနိုင်ရေးတို့အတွက် CCTV ရာပေါင်းများစွာ တပ်ဆင်ထားသော နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့အပါအဝင် မြို့ကြီးများတွင် သဘောထားကွဲလွဲသူများကို သုတ်သင်ရှင်းလင်းနိုင်ရေး လုံခြုံရေးတပ်များက ပစ်မှတ်ထားလျက် ရှိနေသည်။ 

အဆိုပါ CCTV ကင်မရာများတွင် မျက်နှာနှင့် ကားနံပတ်ပြားတို့ကို စက္ကရင်ဖတ်နိုင်ပြီး အလိုရှိစာရင်းဝင်ဖြစ်က အာဏာပိုင်များကို သိရှိစေသည့် AI နည်းပညာ ပါရှိခြင်းကြောင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အလွန်စိုးရိမ်ဖွယ်အရေးဖြစ်သည်ဟု ဖော်ပြသည်။ 

“ဆန္ဒပြပွဲတွေ မဖြစ်ခင်ကတောင် ဒီ CCTV တွေကြောင့် ကျွန်တော်တို့ စိုးရိမ်မကင်း ဖြစ်ရတယ်၊ ဒါကြောင့် အခုဆို ဒီ CCTV တွေကို ရှောင်ကြရမှာ ဖြစ်တယ်၊ ဥပမာ အိမ်ပြန်ရင်တောင် တစ်ခြားလမ်းတွေက ပြန်ကြတာမျိုး လုပ်ရမယ်”ဟု ရန်ကုန်က ဆန္ဒပြသူတစ်ဦးဖြစ်သည့် ကိုဝင်းဖေမြိုင်က Thomson Reuters Foundation သို့ ပြောသည်။ 

“ရဲနဲ့ စစ်တပ်ဟာ ဒီ AI နည်းပညာစနစ်ကို သုံးပြီး ဆန္ဒပြသူတွေကို ခြေရာခံနေတယ်လို့ ကျွန်တော်တို့ ယူဆတယ်၊ ဒါဟာ ‘ဒီဂျစ်တယ် အာဏာရှင်’ပါပဲ၊ စစ်အာဏာသိမ်းအုပ်စုဟာ နိုင်ငံသားတွေကို နည်းပညာသုံးပြီး ခြေရာခံ ဖမ်းဆီးနေတယ်၊ ဒါက တကယ့် အန္တရာယ်ပဲ”ဆိုပြီး ၎င်းက ပြောပါတယ်။ 

ထင်မြင်ချက် တောင်းရန် အာဏာပိုင်များထံ ဆက်သွယ်၍ မရသေးပါ။ 

မြို့ကြီးများတွင် ရာဇဝတ်မှု လျှော့ချရေး စီမံချက်ဖြစ်သည့် Safe City တွင် အသုံးပြုထားသော ပစ္စည်းအများစုမှာ တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးမှဖြစ်ကြောင်း Myanmar Now က သတင်းဖော်ပြဖူးသည်။ 
ထင်မြင်ချက်တောင်းသည်ကို ဟွာဝေးက တုံ့ပြန်ခြင်း မရှိပေ။ 
ဟွာဝေးက လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သို့ ပြောရာ၌ ၎င်းတို့ ကုမ္ပဏီသည် အဆင့်မီ ICT အခြေခံနည်းပညာများ(သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ)ကိုသာ ပံ့ပိုးပေးခဲ့ခြင်း ဖြစ်ပြီး CCTV ကင်မရာများမှ မျက်နှာပြင်နှင့် ကားနံပါတ်ဖတ် ခွဲခြားဖော်ထုတ်သည့် နည်းပညာသည် ဟွာဝေးမှ မဟုတ်ကြောင်း ပြောခဲ့သည်။ 
တရုတ်နိုင်ငံ ရှင်ကျန်းဒေသက လူနည်းစု ဝီဂါမွတ်စလင်များအား ဖော်ထုတ်ခြင်း၊ ခြေရာခံခြင်းနှင့် စောင့်ကြည့်ခြင်းများတွင် နည်းပညာပစ္စည်းများ အသုံးပြုနေခြင်းအတွက် တရုတ် နည်းပညာကုမ္ပဏီများကို သတိထား စောင့်ကြည့်စစ်ဆေးခြင်းများ ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly