အာဏာသိမ်းစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုစွဲချက်သစ်တွေ ထပ်တိုးစွဲဆို

အာဏာသိမ်းစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုစွဲချက်သစ်တွေ ထပ်တိုးစွဲဆို
Photo - AFP

မတ် ၁၈

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုဆိုင်ရာ စွဲချက်သစ်တွေ ယမန်နေ့က ထပ်တိုးစွဲဆိုသွားခဲ့ပါတယ်။ တစ်ဘက်မှာလည်း စစ်ကောင်စီရဲ့ အဆိုပါ စွဲချက်တွေဟာ အခြေအမြစ်မရှိသလို ယုတ္တိမရှိတဲ့ စွဲချက်တွေသာ ဖြစ်တယ်လို့ သူမရဲ့ ရှေ့နေက တုံ့ပြန်ဝေဖန်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့လ အာဏာသိမ်းမှုမှာ အခြားသော နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေနဲ့အတူ ထိန်းသိမ်းခံထားရတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်းစစ်အုပ်စုက ပြစ်မှုဆိုင်ရာ စွဲချက်တစ်ချို့ ထုတ်ပြန်စွဲဆိုထားကာ အဲဒီထဲမှာ စကားပြောစက်တွေ တရားမ၀င် တင်သွင်းအသုံးပြုမှု၊ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေ ချိုးဖောက်မှုတို့လည်း ပါ၀င်နေပါတယ်။

ဗုဒ္ဓဟူးနေ့ညကတော့ စစ်တပ်ပိုင် မြ၀တီရုပ်သံကနေ ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့ပြီး အဲဒီဗီဒီယိုထဲမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာ ၅၅၀,၀၀၀ ပေးခဲ့ကြောင်း ၀န်ခံပြောဆိုနေပုံကို ပြသထားခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ၎င်းဟာ ၎င်းရဲ့ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေဖို့အတွက် အစိုးရအဆင့်မြင့်ပုဂ္ဂိုလ်တွေကို ငွေကြေးလှူဒါန်းထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ပါတယ်၊ သူမကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဖို့ ပြင်ဆင်နေပါတယ်” ဟု ထုတ်လွှင့်မှုအတွင်း သတင်းကြေညာသူက ဖတ်ကြားသွားခဲ့ပါတယ်။

ဒါဟာ သူမအပေါ် စွဲဆိုတဲ့ ပထမဆုံးသော အဂတိလိုက်စားမှု စွဲချက်တော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့အပတ်တုန်းကလည်း လက်ရှိထိန်းသိမ်းခံထားရတဲ့ တိုင်းဒေသကြီး၀န်ကြီးချုပ်တစ်ဦးက သူမကို ဒေါ်လာ ၆၀၀,၀၀၀ နဲ့  ရွှေစင် ၇ ပိဿာ ပေးခဲ့တယ်လို့ ၀န်ခံပြောဆိုခဲ့တယ်ဆိုပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါသေးတယ်။

ဒီလို စွပ်စွဲချက်တွေက အခြေအမြစ်မရှိသလို ယုတ္တိလည်း မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က အေအက်ဖ်ပီကို ပြောပါတယ်။

လာဘ်ယူမှုနဲ့ အဂတိလိုက်စားမှု ဆိုတာကတော့ သူမရဲ့ လက္ခဏာတွေ မဟုတ်ဘူး လို့ ၎င်းက ပြောခဲ့ပါတယ်။ ဒါ့အပြင် ခုလိုမျိုး စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကို မြန်မာပြည်သူအများစုကလည်း ယုံမှာ မဟုတ်ဘူးလို့ ၎င်းက ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required