အီးယူက မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်များ၏ စီးပွားရေးများကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မည် 

အီးယူက မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်များ၏ စီးပွားရေးများကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မည် 

မတ် ၁၇ ၊၂၀၂၁

ဥရောပသမဂ္ဂ အီးယူအဖွဲ့ဝင်များသည် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်များ၏ စီးပွားရေးလုပ်ငန်းအကျိုးစီးပွားများအပေါ် ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုကို လာမည့် တနင်္လာနေ့၌ အပြီးသတ် ချမှတ်မည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean Yves Le Drian က ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ 

ယခု အရေးယူမှုများသည် မြန်မာအား ဘတ်ဂျက်ရေးရာ ထောက်ပံ့နေမှုအားလုံးကို ရပ်ဆိုင်းပစ်မည် ဖြစ်သကဲ့သို့ စစ်အာဏာသိမ်း လက်သည်များကို တိုက်ရိုက်ပစ်မှတ်ထားပြီး ၎င်းတို့ပိုင် စီးပွားရေးအကျိုးစီးပွားများအပေါ် ရည်ရွယ်ချမှတ်သွားမည်ဖြစ်ကြောင်း ပြင်သစ်ဆီးနိတ်လွှတ်တော် ကြားနာမှုတွင် Le Drian က ပြောခဲ့သည်။ 

မြန်မာစစ်အာဏာသိမ်းအုပ်စုသည် ပရိဟိတအလှူရှင် ဘီလျှံနာသူဌေးကြီး ဂျော့ဆိုးရော့စ်နှင့် ဆက်စပ်သည့် Open Society Foundations အဖွဲ့မှ ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးထားရာ ပြန်လွှတ်ပေးရေးအတွက် ယင်း ဖောင်ဒေးရှင်းက တောင်းဆိုထားသည်။ 

“ဖမ်းဆီးထားသူကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတယ်၊ အခြားဝန်ထမ်းအဖွဲ့ဝင် ၁၁ ဦးကိုလည်း စစ်ကြောမေးမြန်းဖို့ လုပ်ဆောင်နေတာတွေ ကြားသိရတဲ့အတွက် ကျွန်တော်တို့ စိုးရိမ်မကင်းဖြစ်ရတယ်”ဟု ယင်း အဖွဲ့က ထုတ်ပြန်သည်။ 

Open Society Foundations OSM အဖွဲ့သည် အာဏာသိမ်းမှု ဆန့်ကျင်သူများအား ရန်ပုံငွေ လွှဲပြောင်းပေးအပ်နေသည်ဟု စစ်အာဏာသိမ်းကောင်စီက သံသယရှိနေသည်။ 

“OSM ဟာ ကိုယ်ပိုင်ရန်ပုံငွေကို ကျပ်ငွေနဲ့ လဲလှယ်ခဲ့ပြီး တရားမဝင်တဲ့ လုပ်ရပ်တွေ လုပ်နေတယ်ဆိုတာအပါအဝင် ဘဏ္ဍာရေးရာ အလွှဲသုံးစားလုပ်တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ အလိမ်အညာတွေပဲ ဖြစ်တယ်”ဆိုပြီး OSM က ထုတ်ပြန်သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတွင်း၌ စားသောက်ကုန်နှင့် လောင်စာဈေးနှုန်းများ မြင့်တက်နေခြင်းသည် ဆင်းရဲသား မိသားစုများအတွက် စားရေးသောက်ရေးကို ခြိမ်ခြောက်နေပြီဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFO က အင်္ဂါနေ့တွင် ပြောသည်။ 

ဖေဖော်ဝါရီလအစမှ စတင်၍ ရန်ကုန်မြို့ကြီးက အချို့နေရာများတွင် စားအုန်းဆီဈေး ၂၀ ရာခိုင်နှုန်း မြင့်တက်ပြီး ဖေဖော်ဝါရီလကုန်မှစကာ ရန်ကုန်နှင့် မန္တလေးမြို့ ဧရိယာများတွင် ဆန်ဈေးက ၄ ရာခိုင်နှုန်း မြင့်တက်နေကာ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လျက် ရှိသည်ဟု WFP က ဆိုသည်။ လောင်စာဆီဈေးနှုန်းမှာလည်း ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံတစ်ဝန်း ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်။ 

လုံခြုံရေးတပ်များ၏ ပစ်ခတ်သတ်ဖြတ်ခံရသူပေါင်းမှာ ပြီးခဲ့သည့် တနင်္လာနေ့က အနည်းဆုံး အယောက် ၂၀ ရှိပြီး ဆန္ဒပြသီတင်းပတ်များအတွင်း သေဆုံးသူပေါင်း ၁၈၃ ဦးအထိ ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီပေးရေးအဖွဲ့က ပြောသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့၌ သေဆုံးသူ ၇၄ ဦးရှိခဲ့ပြီး လက်ရှိအထိ သေဆုံးမှုအများဆုံးနေ့ရက် ဖြစ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly