MIC အသင်း အုပ်စုတက်ရန် လက်ကျန်ပွဲစဉ်များ ရုန်းကန်ရမည်

MIC အသင်း အုပ်စုတက်ရန် လက်ကျန်ပွဲစဉ်များ ရုန်းကန်ရမည်
MIC အသင်းနှင့် ထိုင်းပေ့ါစ်အသင်းတို့ အကြိတ်အနယ်ကစားစဉ်။ (ဓာတ်ပုံ - SMMSport)

နိုဝင်ဘာ ၂၅၊ ရန်ကုန် ။       ။ ၂၀၁၅ အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် ဝင်ပြိုင်နေသော MIC ဖူဆယ်ကလပ်အသင်းသည် အုပ်စု နှစ်ပွဲကစားထားအပြီးတွင် တစ်ပွဲ သရေ၊ တစ်ပွဲရှုံး ရမှတ် တစ်မှတ်သာရရှိထားသောကြောင့် အုပ်စုတက်ရန် လက်ကျန်ပွဲစဉ် နှစ်ပွဲ ရလဒ်ကောင်းရန် လိုအပ်နေသည်။

MIC အသင်းသည် ပွဲဦးထွက်တွင် ဗီယက်နမ်ကလပ် SANNA KHANH နှင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သော်လည်း ဒုတိယ ပွဲစဉ်၌မူ ထိုင်းကလပ် ထိုင်းပေါ့စ် အသင်းကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

MIC အသင်းသည် နှစ်ပွဲကစားပြီးချိန်တွင် တစ်မှတ်သာရရှိထားသောကြောင့် အမှတ်ပေးဇယား အောက်ဆုံး၌ ရပ်တည်နေသည်။ နိုဝင်ဘာ ၂၄ ရက် အုပ်စုပွဲစဉ်များ အပြီးတွင် ထိုင်းပေါ့စ်အသင်းက တစ်ပွဲကစား တစ်ပွဲ နိုင် ရမှတ် သုံးမှတ်ဖြင့် အမှတ်ပေးဇယား ထိပ်တွင် ဦးဆောင်နေသည်။ အလားတူ ဒုတိယနှင့် တတိယနေရာများတွင် မလေးရှားကလပ် Felda United အသင်းနှင့် သြစတြေးလျ ကလပ် East Coast Heat အသင်းတို့က ရမှတ်သုံးမှတ်စီဖြင့် ရပ်တည်ထားသည်။

MIC အသင်းသည် လာမည့် နိုဝင်ဘာ ၂၆ ရက်တွင် မလေးရှား ကလပ် Felda United အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၂၇ ရက်တွင် သြစတြေးလျကလပ် East Coast Heat အသင်း နှင့် လည်းကောင်း ဆက်လက်ကစားရမည်ဖြစ်သည်။ ၂၀၁၄ ဘောလုံးအဖွဲ့ချုပ် ဖူဆယ်လိဂ်ချန်ပီယံ MIC အသင်းသည် အုပ်စု အဆင့်မှ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ရန် လက်ကျန်ပွဲစဉ်နှစ်ပွဲတွင် ရလဒ်ကောင်းများ ရရှိရန် လိုအပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required