လူထုအခွင့်အရေး အာမခံချက် မရှိသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ပြင်ပေးရန်ပြော

လူထုအခွင့်အရေး အာမခံချက် မရှိသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ပြင်ပေးရန်ပြော

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပက်သက်ပြီး လူထုအခွင့်အရေး အာမခံချက်မရှိသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားနေသည့် အဖွဲ့အစည်း ၃ခုက အကြံပြု ပြောဆိုလိုက်သည်။

နိုဝင်ဘာ ၂၅ရက်၊ လသာမြို့နယ် အနော်ရထာလမ်းပေါ်ရှိ Best Western China Town ဟိုတယ်တွင် ပြုလုပ်သည့်  ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအပေါ် ရှုထောင့် ပေါင်းစုံမှ သုံးသပ်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။

"ကျွန်တော်တို့ အခွင့်အရေးဖြစ်တဲ့ သန့်ရှင်းတဲ့လေ၊ ရေ၊ မြေတွေကို ရှုရှိုက်၊ သောက်သုံး၊ အသုံးပြုခွင့်ဆိုတဲ့ အာမခံချက် တစ်ခုမှမပါဘူး။ ရှမ်းပြည်မှာ တီကျစ် ကျောက်မီးသွေး စက်ရုံကြောင့် မွေးကတည်းက မသန့်ရှင်းတဲ့လေကို အခုရှုနေပြီ။ အဲဒီအပြင် အခုဥပဒေမှာ အများကြီး လိုအပ်ချက်တွေရှိတယ်" ဟု သဘာဝပတ်ဝန်းကျင် ရေးရာ ကျွမ်းကျင်သူ ဦးဝင်းမျိုးသူက ဆိုသည်။

ယင်းဥပဒေကို ၂၀၁၂ခုနှစ် မတ်လ၊ ၃၀ရက်တွင် ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့ခြင်း ဖြစ်သော်လည်း ယနေ့တိုင် သက်ဆိုင်ရာ ဝန်ကြီးဌာနက နည်းဥပဒေ ရေးဆွဲထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

ယင်းအပြင် ဥပဒေပါ ပြဌာန်းချက်များသည် ယေဘူယျ ပြဌာန်းချက်များသာဖြစ်ပြီး တိကျသည့် စံနှုန်းသတ်မှတ်ချက် ကဲ့သို့ အချက်အလက် တိကျစွာ ပြဌာန်းထားခြင်း မရှိသည့်အပြင်၊ ဥပဒေပါ ဖွဲ့စည်းသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ ကော်မတီ၏ လုပ်ဆောင်မှု များမှာလည်း လုပ်ငန်းလိုင်စင် ထုတ်ပေးနိုင်သည့် အခြေအနေသာ ရှိသည်ဟုလည်း ဝေဖန်ကြသည်။

"ဥပဒေပိုင်းက ကြည့်မယ်ဆိုရင် ဒီဥပဒေက ပြည်သူ့ပါဝင်မှု၊ ပြည်သူတွေ သဘာဝပတ်ဝန်းကျင် ထိန်းသိန်း ပေးနိုင်မယ့် အခွင့်အရေး တစ်ခုမှမပါဘူး၊ ယေဘူယျဆန်တဲ့ ဥပဒေလို့ ပြောရမယ်။ ဥပဒေထဲမှာ တစ်ချို့လူတွေကို အခွင့်အရေး ပေးထားတဲ့ ပုံစံမျိုးတွေလည်း ပါဝင်နေတာ တွေ့ရတယ်။" ဟု Law Firm မှ သဘာဝပတ်ဝန်းကျင် ရေးရာ ဆောင်ရွက်သူ ဦးအောင်ဇော်လင်းက ဝေဖန်သည်။

သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရာတွင် နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ရေးစသည့် ကဏ္ဍသုံးရပ်လုံးကို ဟန်ချက်ညီ ထိန်းသိမ်းနိုင်ရန် လိုအပ်သည့် အာမခံချက်များကို လုံးဝထည့်သွင်းထားခြင်းလည်း မရှိကြောင်းလည်း ဦးဝင်းမျိုးသူက ဆိုသည်။

အဆိုပါ ဥပဒေ အခန်း ၁၄၊ ပုဒ်မ ၃၆တွင်လည်း ဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရအဖွဲ့၏သဘောတူညီ ချက်ဖြင့် အစိုးရဌာန အဖွဲ့အစည်းနှင့် ပုဂ္ဂလိက လုပ်ငန်း တစ်ခုခုအား၊ နိုင်ငံတော်နှင့် ပြည်သူအကျိုးငှာ ဤဥပဒေ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဆောင်ရွက်ရခြင်းမှ ကင်းလွတ်ခွင့်၊ သို့မဟုတ် လျှော့ပေါ့ခွင့်ပြုနိုင်သည် ဟုလည်း ပါရှိနေသည်။

စီးပွားရေး လုပ်ငန်းများကြောင့် ပျက်စီးဆုံးရှုံးသည့် သဘာ၀ ပတ်ဝန်းကျင်ရေးရာ ပြန်လည် ပြုပြင်ရေးအတွက် သတ်မှတ်ထားသည့် ပြစ်ဒဏ်များမှာလည်း အလွန်နည်းပါးသဖြင့် စီးပွားရေး သမားများအနေဖြင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုကို ပိုမိုလျစ်လျူရှု လာနိုင်သည်ဟုလည်း ဆိုသည်။

"ရေဆိုးထုတ်လို့ ပြစ်ဒဏ်က သိန်း ၂၀ပဲပေးရမယ်၊ အဲဒီရေးဆိုးကို သန့်စင်ဖို့ စက်ရုံဆောက်ရင် အမေရိကန် ဒေါ်လာ ၂သန်း လောက်ကုန်မယ်၊ အဲဒီတော့ နီးစပ်ရာနဲ့ ပေါင်းပြီးတော့ ကျွန်တော် ဆိုလည်း သိန်း ၂၀ပဲ ပေးမှာပေါ့" ဟုပြောသည်။

ဦးသိန်းစိန် အစိုးရအဖွဲ့က သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများ ရေးဆွဲခြင်း၊ အရပ်ဖက် အဖွဲ့များကို ပြောဆိုခွင့်ပေးခြင်း တို့သာရှိခဲ့ပြီး သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကိုမူ အကောင်အထည် ဖော်နိုင်ခြင်း မရှိသဖြင့် လာမည့်အစိုးရသစ်က ပျက်ဆီးနေသည့် သဘာဝပတ်ဝန်ကျင်များကို မပြုပြင်နိုင်ပါက၊ ရှိနှင့်ပြီးသား ပတ်ဝန်းကျင်များကိုမူ ထိန်းသိမ်းရန် တောင်းဆိုလိုကြောင်းလည်း ဦးဝင်းမျိုးသူက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က၏ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှပ်နှံမှုများက သဘာဝဝန်းကျင် ထိခိုက် ပျက်စီးစေခြင်း ရှိမရှိ စစ်ဆေးသုံးသပ်ရန် ဥပဒေပြဌာန်း ဆောင်ရွက် ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့ချရေးနှင့် ပြန်လည်စိမ်းလန်း စိုပြေစေရေး အတွက် သုတေသနနှင့် ရင်းနှီးမြှပ်နှံမှုတို့ကို အားပေးခြင်းတို့ အပါအဝင် အချက် ၁၉ချက်ကို အကောင်အထည်ဖော်မည်ဟု ထည့်သွင်းအာမခံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required