အင်ဒိုနီးရှားမှာ ဘတ်စ်ကား လျှိုထဲ ထိုးကျရာက ဘုရားဖူး နှစ်ဒါဇင်ကျော် သေဆုံး 

အင်ဒိုနီးရှားမှာ ဘတ်စ်ကား လျှိုထဲ ထိုးကျရာက ဘုရားဖူး နှစ်ဒါဇင်ကျော် သေဆုံး 
Photo - AFP

အင်ဒိုနီးရှားနိုင်ငံ ဂျဗားကျွန်းမှာ ဘုရားဖူးခရီးသည် ဒါဇင်များစွာ တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ လျှိုမြောင်ထဲ ထိုးကျရာက အထက်တန်းကျောင်းသားကျောင်းသူတွေ အပါအဝင် လူ ၂၇ ဦး သေဆုံးကြောင်း အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။ 

အနောက်ဂျဗား ဆူမီဒန်ခရိုင်မှာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက အခု ယာဉ်မတော်တဆမှု ဖြစ်ပွားတာဖြစ်ပြီး အပျက်အစီးတွေကြားကနေ ဒဏ်ရာရ အသက်ရှင်သူတွေကို ကယ်ဆယ်ရေးသမားတွေက ကရိန်းတွေနဲ့ တစ်ညလုံး ဆွဲထုတ်ကယ်တင်ခဲ့ရပါတယ်။ 

ခရီးသည် ၆၆ ဦး တင်ဆောင်လာတဲ့ ဒီ ဘတ်စ်ကားဟာ ကောက်ကွေ့ပြီး လမ်းကြမ်းတဲ့ လမ်းပေါ်ကနေ မီတာ ၂၀ အနက် လျှိုမြောင်ထဲကို ထိုးကျသွားတာဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ 

သေဆုံးသူတွေမှာ ကားဒရိုင်ဘာနဲ့ ဆယ်ကျော်သက်ခရီးသည်တွေပါ ပါဝင်ပါတယ်။ အခု မတော်တဆမှုအတွင်းမှာ အသက်ရှင်ကျန်ရစ်သူ ၃၉ ဦး ရှိပါတယ်။ 

“သေဆုံးသူတွေမှာ ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေ ပါဝင်ပါတယ်”လို့ ဘန်ဒန်ကယ်ဆယ်ရေးအေဂျင်စီမှ တာဝန်ရှိသူ မာမန်ဖတ်မိုနိုက အေအက်ဖ်ပီကို ပြောပါတယ်။ 

ဘတ်စ်ကား ခုလို လျှိုမြောင်ချောက်ထဲ ထိုးကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ 

ဘတ်စ်ကားဟာ အနောက်ဂျဗားက ဘာသာရေးဝတ်ပြုနယ်မြေကနေ ဆူဘန်းမြို့ဆီ အပြန်ခရီးမှာ ခုလို မတော်တဆမှု ဖြစ်ပွားတာပါ။ 

အရှေ့တောင်အာရှ ကျွန်းစုနိုင်ငံ အင်ဒိုနီးရှားမှာ ယာဉ်အိုယာဉ်ဟောင်းတွေနဲ့ ပြုပြင်ထိန်းသိမ်းမှု အားနည်းပြီး လမ်းစည်းကမ်း လျော့ရဲတာကြောင့် ယာဉ်မတော်တဆမှုတွေ အဖြစ်များပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required