ရာသီဥတုကပ်ဘေးများကြောင့် လူ ၆၀၀,၀၀၀ ကျော်သေဆုံး

ရာသီဥတုကပ်ဘေးများကြောင့် လူ ၆၀၀,၀၀၀ ကျော်သေဆုံး

နိုဝင်ဘာ ၂၅ ။          ။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်နှစ်အတွင်း ရာသီဥတုကပ်ဘေးများကြောင့် လူ ၆၀၀,၀၀၀ ကျော်သေဆုံးခဲ့ပြီး စီးပွားရေးအရလည်း ဒေါ်လာထရီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ယင်းသို့ကပ်ဆိုးများမှာ မကြာမကြာဖြစ်နိုင်ခြေရှိကာ ထိခိုက်မှုမှာလည်း မြင့်မားဖွယ်ရှိနေသည်ဟု ဆိုသည်။

နိုဝင်ဘာ ၃၀တွင် ပါရီ၌ စတင်ကျင်းပမည့် ကုလကျောထောက်နောက်ခံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစည်းအဝေးမကျင်းပမီ ယခုသတိပေးချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ သီးခြားဖြစ်စဉ်အနေဖြင့် ကလေးသူငယ်သန်းပေါင်းများစွာသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံစားနေရပြီး အဓိကအားဖြင့် အပြင်းအထန်ရေကြီးလေ့ရှိသော နေရာများတွင် နေထိုင်နေရသော ကလေးအရေအတွက်မှာ သန်း ၅၀၀ ကျော်ရှိသည်ဆိုသည်။

ထို့အပြင် ကလေးသန်း ၁၆၀နီးပါးမှာ မိုးခေါင်မှုဒဏ်ပြင်းထန်စွာခံစားနေရသော ကမ္ဘာ့အစိတ်အပိုင်းများတွင် နေထိုင်နေကြရပြီး ၎င်းတို့အနက် ထက်ဝက်ကျော်မှာ အာဖရိကတွင်နေထိုင်နေရသည်။ ထို့အပြင် ၁၁၅ သန်းကျော်မှာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပွားလေ့ရှိသော နေရာများတွင် ရှိနေသည်ဆိုသည်။

နိုဝင်ဘာ၂၃က ထုတ်ပြန်ခဲ့သော ကုလကပ်ဘေးအန္တရာယ်လျှော့ချရေးရုံးမှ အစီအရင်ခံစာအရ အမေရိကန်သည် လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်နှစ်အတွင်း ရာသီဥတုကပ်ဘေးအရေအတွက် အများဆုံး ခံစားရသည်။ သို့သော်လည်း တရုတ်နှင့် အိန္ဒိယတို့မှာ အဆိုးဝါးဆုံးထိခိုက်ခံစားခဲ့ရပြီး ၎င်းတို့၏ပြည်သူများမှာ ကြီးမားသည့်ရေကြီးမှုကို ခံစားခဲ့ရသည်။

ရာသီဥတုကပ်ဘေးကြောင့် လူရာထောင်များစွာ သေဆုံးခဲ့ရသည့်အပြင် လူ၄ဒသမ၁ဘီလျံမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ထို့အပြင် စီးပွားရေးအရလည်း နှစ် ၂၀အတွင်း အမေရိကန်ဒေါ်လာ ၁ဒသမ၉ထရီလီယံဆုံးရှုံးခဲ့သည်။

လွန်ခဲ့သည့် နှစ်၂၀အတွင်း ရာသီဥတုကပ်ဘေး ပျမ်းမျှ ၃၃၅ခုဖြစ်ပွားခဲ့ပြီး လွန်ခဲ့သည့် ၁၀နှစ်အတွင်း ပမာဏနှစ်ဆတိုးလာခဲ့သည်ဟု ကုလရုံးက မှတ်တမ်းတင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required