တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်သည့် အချက် ၃ ချက် အဆိုပြု

By China.org.cn
08 March 2021
တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်သည့် အချက် ၃ ချက် အဆိုပြု
Photo: EPA

ပေကျင်း၊ မတ်၈ ရက်

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တင်းမာမှုများနှင့် ပတ်သက်၍ အဆိုပြုချက် ၃ ရပ်ကို မတ်လ ၇ ရက်က တင်ပြလိုက်သည်။

ပထမအချက်တွင် မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တည်ငြိမ်အေးချမ်းမှုရအောင် ဆောင်ရွက်ကြရန်၊ သဘောထားကွဲလွဲမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေမူဘောင်များအတွင်းမှ တွေ့ဆုံဆွေးနွေးကြရန်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်လက်လုပ်ဆောင်ကြရန်တို့ ဖြစ်သည်။

ချက်ခြင်း ဦးစားပေး လုပ်ဆောင်ရမည့်အချက်မှာ သွေးထွက်သံယိုဖြစ်ပွားမှုနှင့် တိုက်ခိုက်မှုကို ရှောင်ရှားရန်၊ လက်ရှိအခြေအနေကို အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်ရန် လိုကြောင်းလည်း တရုတ်ဥပဒေပြု နှစ်စဉ် အစည်းအဝေး၏ သီးခြားသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝမ်ယိက ပြောကြားလိုက်သည်။

ဒုတိယအချက်တွင် အာဆီယံအနေဖြင့် ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မရှိရေးနှင့် အများသဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ရေးမူဝါဒများအား ဆက်လက် ထိန်းသိမ်းထားခြင်းနှင့် အာဆီယံ၏ စေ့စပ်ညှိနှိုင်းရေး၊ ဘုံသဘောတူညီချက် ရရှိအောင် ဆောင်ရွက်ရေးတို့ကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ ဆန္ဒကို လေးစား အသိအမှတ်ပြုသောအားဖြင့် တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း တင်းမာမှုများ လျော့ကျစေရန် အပြုသဘော ပါဝင်လုပ်ဆောင်သွားမည်ဟု ဝမ်ယိက ပြောကြားသည်။

တတိယအချက်တွင် တရုတ်နှင့် မြန်မာတို့သည် အေးအတူပူအမျှ လက်တွဲဆောင်ရွက်ရမည့် အနာဂါတ်ရှိသော အသိုက်အဝန်းတစ်ခုဖြစ်သောကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရေး ကတိကဝတ်ကို ပြောင်းလဲသွားမည်မဟုတ်ကြောင်းနှင့် မည်သည့် အခြေအနေတွင် ဖြစ်စေ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းအား ပြောင်းလဲသွားမည်မဟုတ်ကြောင်း ဝမ်ယိက ပြောသည်။

မြန်မာအတွက် တရုတ်နိုင်ငံ၏ ချစ်ကြည်ရေး မူဝါဒသည် မြန်မာပြည်သူများ အားလုံးအတွက် ဖြစ်ကြောင်း ဝမ်ယိက အလေးအနက် ပြောကြားခဲ့သည်။

“ဟိုးအရင်နှစ်တွေကတည်းက ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေးအတွက် မြန်မာနိုင်ငံရဲ့ ကဏ္ဍအားလုံးမှာ ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု ဝမ်ယိက ပြောကြားသည်။

Ref: China.org.cn

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required