မြန်မာစစ်တပ်ကို ပြင်းထန်တဲ့အရေးယူမှုတွေ လုပ်ဆောင်ဖို့  ကုလအထူးသံတမန် တောင်းဆို

မြန်မာစစ်တပ်ကို ပြင်းထန်တဲ့အရေးယူမှုတွေ လုပ်ဆောင်ဖို့  ကုလအထူးသံတမန် တောင်းဆို
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ခရစ္စတင်း ရှရန်နာ ဘာဂနာ

မတ် ၄  

စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ပြန်လည်ရောက်ရှိဖို ကုလသမဂ္ဂအနေနဲ့  မြန်မာစစ်တပ်ကို အလွန်ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ခရစ္စတင်း ရှရန်နာ ဘာဂနာက မတ်လ ၃ ရက်က  ပြောလိုက်ပါတယ်။ 

အာဏာသိမ်းမှုဖြစ်ကတည်းက ဒီကနေ့ဟာ သွေးထွက်သံယိုဖြစ်မှုအများဆုံးဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၃၈ ဦးသေဆုံးခဲ့ကြောင်းနဲ့ ဒီနေ့အချိန်ထိ လူပေါင်း ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့  ခရစ္စတင်း ရှရန်နာ ဘာဂနာက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ 

ဘာဂနာက “ကျွန်မဟာ စစ်တပ်နဲ့ဆွေးနွေးမှုတွေလုပ်ခဲ့ပြီး ကုလအဖွဲ့ဝင်နိုင်ငံတွေနဲ့ လုံခြုံရေးကောင်စီအနေနဲ့ ကြီးမားပြင်းထန်တဲ့ အရေးယူမှုတွေလုပ်မယ်လို့ သတိပေးခဲ့ပါတယ်။ သူတို့က အရေးယူပိတ်ဆို့မှုတွေကို ကျင့်သားရနေပြီး အရင်တုန်းကလည်း အဲဒီလိုအရေးယူဒဏ်ခတ်ခံရတဲ့ကာလတွေမှာ ရှင်သန်နိုင်ခဲ့တယ်လို့ တုံ့ပြန်ပါတယ်။ အထီးကျန်ဆန်သွားလိမ့်မယ်လို့ သတိပေးခဲ့တော့လည်း မိတ်ဆွေအနည်းငယ်နဲ့ လျှောက်လှမ်းဖို့ သင်ယူရမှာပေါ့လို့ ပြောပါတယ်။ ဒါကြောင့် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့  အလွန်ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ရမယ်လို့ ကျွန်မထင်ပါတယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ကတော့ စစ်တပ်နဲ့လည်း ဆွေးနွေးမှုတွေ ဆက်လုပ်သွားဦးမှာပါ။”

“အခုချိန်မှာ သူတို့တွေ အလုပ်မဖြစ်တော့တဲ့ စာအုပ်ကြီးအတိုင်းလုပ်တာကိုလည်း ကျွန်မမြင်တွေ့နေရတယ်။ ၁၉၈၈ နဲ့ ၂၀၀၇/၂၀၀၈ က အလုပ်ဖြစ်ခဲ့သလိုမျိုး အခုမဖြစ်တော့ စစ်တပ်က အရမ်းကို အံ့အားသင့်နေတယ် ထင်တယ်။ ဒီနေ့အချိန်မှာ ၁၀ နှစ်ကြာ လွတ်လပ်စွာနေထိုင်လာခဲ့တဲ့ လူငယ်တွေ ရှိတယ်။ ဆိုရှယ်မီဒီယာတွေရှိတယ်။ သူတို့ဟာ စနစ်ဇယားရှိပြီးတော့ စိတ်ပိုင်းဖြတ်ထားတဲ့လူတွေ ဖြစ်တယ်။ သူတို့ဟာ အာဏာရှင်စနစ်နဲ့ အထီးကျန်ဘဝကို ပြန်မသွားချင်ကြဘူး” ဟု ခရစ္စတင်းဘာဂနာ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲအနိုင်ရမှုနဲ့အတူ ပိုအောင်မြင်သွားမှာကိုလည်း ကာကွယ်ရေးဦးစီးချုပ်က တကယ်ပဲ ကြောက်ရွံ့နေခဲ့တယ်လို့ ကျွန်မထင်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာ ဒီနှစ် ဇွန်မှာ အငြိမ်းစားယူသင့်ပြီဆိုတာ ကျွန်မတို့လည်း သိထားပါတယ်။ ICJ နဲ့ ICC မှာ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်ဆိုတာ ကျွန်မတို့ သိနေတဲ့အတွက် သူဟာ ကင်းလွတ်ခွင့်အတွက်လည်း စိုးရိမ်နေလောက်တယ်” လို့ ခရစ္စတင်း ဘာဂနာ က ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required