ရန်ပုံငွေ ပြတ်လပ်မှု တရုတ်ကုမ္ပဏီ၏ စွပ်စွဲချက်များအား မီးရထားဝန်ကြီးဌာန ငြင်းဆို

ရန်ပုံငွေ ပြတ်လပ်မှု တရုတ်ကုမ္ပဏီ၏ စွပ်စွဲချက်များအား မီးရထားဝန်ကြီးဌာန ငြင်းဆို
Photo: EPA

ရန်ပုံငွေ အကြပ်အတည်းများကြောင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်မှု နှေးကွေးရသည်ဟု ပက်မာ ရထားလမ်းတံတား စီမံချက်အတွက် ကန်ထရိုက်အောင်ထားသော တရုတ်ရထားလမ်းကုမ္ပဏီ လိမီတက်က စွပ်စွဲခြင်းမှာ မှန်ကန်ခြင်းမရှိဟု ဘင်္ဂလားဒေ့ရှ် မီးရထားဝန်ကြီးက လွန်ခဲ့သော ကြာသပတေးနေ့တွင် ငြင်းဆန်လိုက်သည်ဟု Dhaka Tribune သတင်းတစ်ရပ်၌ ဖော်ပြထားသည်။

“ကျွန်တော်တို့က ကန်ထရိုက်တာရဲ့ စွပ်စွဲပြောဆိုမှု မှန်သမျှကို တုံ့ပြန်ဖြေရှင်းပေးမယ့် အာဏာပိုင်အဖွဲ့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း CREC က ငွေပေးချေမှုတွေ နှောင့်နှေးကြန့်ကြာနေတဲ့အကြောင်းကို ကျွန်ုပ်တို့ထံ တင်ပြထားခြင်း မရှိသေးပါဘူး။ ခုလိုကိစ္စမျိုးတွေ အမှန်တကယ် ရှိနေတယ်ဆိုရင် ကျွန်ုပ်တို့ထံကို သူတို့က တင်ပြပေးရပါမယ်။ မီဒီယာတွေထံကို တင်ပြပေးရမှာ မဟုတ်ပါဘူး” ဟု မီးရထားဝန်ကြီး Md Nurul Islam Sujan (နရူ အစ္စလမ် ဆူဂျင်း) က ပြောကြားခဲ့သည်။

“ဒါ့အပြင် လက်ရှိစီမံချက်အတွက် ရန်ပုံငွေ အကြပ်အတည်းနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်တွေကိုလည်း ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ စီမံကိန်းဒါရိုက်တာထံ CREC က အသိပေးတင်ပြထားပါတယ်” ဟု မီးရထားဝန်ကြီးက ပြောကြားခဲ့သည်။

ပက်မာ ရထားလမ်းတံတား စီမံချက်သည် တရုတ်နိုင်ငံ၏ ကြွေးမြီထောင်ခြောက်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟူသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ ပိုးလမ်းမ စီမံကိန်း (BRI) ၏ တစ်စိတ်တစ်ဒေသအဖြစ် တိုက်ကြီးများအနှံ့တွင် မဟာဗျူဟာမြောက် အဆောက်အအုံများ တည်ဆောက်ရန် အရှေ့တောင်အာရှ၊ အိန္ဒိယ သမုဒ္ဒရာ ဒေသနှင့် အာဖရိကဒေသတို့ရှိ နိုင်ငံများစွာတွင် အခြေခံအဆောက်အအုံ အများအပြား တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံက ချေးငွေများ ထုတ်ပေးလျက်ရှိသည်။

တရုတ်နိုင်ငံသည် ၎င်း၏ ချေးငွေများအတွက် မြင့်မားသော အတိုးနှုန်းများ ရယူလေ့ရှိသည့်အပြင် အဆိုပါနိုင်ငံများအား ၎င်း၏ ‘ကြွေးမြီထောင်ခြောက်’ အတွင်းသို့ သွတ်သွင်းရန်အတွက် စီမံကိန်းများ

နှောင့်နှေးကြန့်ကြာအောင် ဆောင်ရွက်ခြင်းနှင့် အခြေခံ အဆောက်အအုံ ဆောက်လုပ်မှုများ ရပ်တန့်ခြင်းတို့အား ဆောင်ရွက်လျက်ရှိသည်။

တရုတ်သမ္မတ (ရှီကျင့်ဖျင်) Xi Jinping ၏ BRI စီမံချက်သည် ပါဝင်ဆောင်ရွက်နေသော နိုင်ငံငယ်များအား ကြွေးမြီထောက်ခြောက်အတွင်း ကျရောက်စေမည့် အန္တရာယ်များ ဖြစ်ပေါ်စေခြင်းအတွက် ကမ္ဘာတစ်လွှားမှ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ကန်ထရိုက်အောင်မြင်ထားသော တရုတ်ကုမ္ပဏီက လွန်ခဲ့သော ၇ လအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများအတွက် ငွေကြေးလက်ခံရရှိခြင်း မရှိသေးသောကြောင့် လုပ်ငန်းများ နှေးကွေးနေရသည်ဟု စွပ်စွဲပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly