မြန်မာအာဏာသိမ်းမှုတွင် တရုတ်၏ အခန်းကဏ္ဍနှင့် ဝါဝါမြင်တိုင်း အဘယ်ကြောင့် ရွှေမဖြစ်ရသနည်း

မြန်မာအာဏာသိမ်းမှုတွင် တရုတ်၏ အခန်းကဏ္ဍနှင့် ဝါဝါမြင်တိုင်း အဘယ်ကြောင့် ရွှေမဖြစ်ရသနည်း
Photo: EPA

မြန်မာနိုင်ငံ၏လက်ရှိအခြေအနေသည် အလွန်အရေးကြီးနေသည်။

စစ်အာဏာသိမ်းမှုဖြင့် ရွေးကောက်တင်မြှောက်ခံခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်ကဖမ်းဆီးချုပ်နှောင်ထားပြီး တိုင်းပြည်ကိုလည်း အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ထားသည်။

နိုင်ငံအများစုက ယင်းလုပ်ရပ်ကို ရှုတ်ချပြီး အာဏာရှင်စနစ်သို့ ပြောင်းလဲခြင်းကို မြန်မာနိုင်ငံသားများက ဆန္ဒပြပွဲများဖြင့် ဆန့်ကျင်ကန့်ကွက်နေချိန်တွင် တရုတ်ဘက်မှလည်း ပုံစံအသစ်များကို တွေ့လာရသည်။

တရုတ်အစိုးရသည် မြန်မာစစ်တပ်အာဏာသိမ်းမှုကြောင့် တုန်လှုပ်ခဲ့ရသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်ဟိုင်းက ဆိုသည်။

စစ်အာဏာသိမ်းရန် ကြံစည်သူများကို တရုတ်က ပံ့ပိုးကြောင်း ကန့်ကွက်မှုများဖြင့် ရန်ကုန်မြို့ရှိ တရုတ်သံရုံးအပြင်ဘက်တွင် ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြသူအများအပြားက ဆန္ဒပြပြီး အနည်းငယ်အကြာတွင် ၎င်း၏အင်တာဗျုးထွက်ပေါ်လာခြင်းဖြစ်သည်။

“NLD ရယ်၊ စစ်တပ်ရယ်၊ နှစ်ဖက်စလုံးနဲ့ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ လက်ရှိအခြေအနေမျိုးကို တရုတ်က လုံးဝမမြင်တွေ့ချင်ပါဘူး”ဟု ချန်က ဆိုသည်။

ချန်ဟိုင်း၏ ကြေညာချက်ထဲတွင် တရုတ်အစိုးရက ကြားနေအနေအထားကို ယူဆောင်ထားပြီး မည်သည့်ဖက်ကိုမှ ထောက်ခံခြင်း၊ မျက်နှာသာပေးခြင်းတို့ကို မဖော်ပြထားပေ။ သို့သော် ယင်းအခြေအနေမျိုး၌ပင် တရုတ်သည် စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံခဲ့ဖွယ်ရှိသည်ဟူသော စွပ်စွဲခံရခြင်းများရှိနေသည်။

တရုတ်သည် စစ်အစိုးရ ဆန့်ကျင်သူများကို အွန်လိုင်းပေါ်တွင် စည်းရုံးခြင်းအား တားဆီးရန်အတွက် firewall တစ်ခုတည်ဆောက်ရန် အကူအညီပေးနေသည်ဟု အမျိုးမျိုးရေးသား ဖော်ပြနေသည်ကို မြန်မာ လူမှုမီဒီယာများတွင် တွေ့မြင်နေရသည်။

တရုတ်စစ်သားများကို နိုင်ငံအတွင်းသို့ လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းသို့မဟုတ်“ တရုတ်လူမျိုးပုံပေါက်နေသော”တပ်များသည် မြန်မာနိုင်ငံ၏မြို့များတွင်တွေ့မြင်ရသည်ဟု အမျိုးမျိုးစွပ်စွဲပြောဆိုကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖေဖော်ဝါရီလ ၁၆ ရက်က ပြောကြားချက်တွင် ရပ်တန့်ထားသည့် ရေအားလျှပ်စစ်စီမံကိန်းများကို စစ်အစိုးရက ပြန်လည်စတင်လိုကြောင်း ကြေညာလိုက်ခြင်းကြောင့် တရုတ်နိုင်ငံ၏ပုန်းလျှိုးကွယ်လျှိုးပါဝင်နေသည်ဟူသော စိုးရိမ်ပူပန်မှုကို ပိုမိုဆိုးရွားစေခဲ့သည်။

စစ်အစိုးရ၏ကြေညာချက်တွင် အတိအလင်းမဖော်ပြထားသည့်တိုင် ယင်းသည် အငြင်းပွားဖြစ်ပြီး လူများမကြိုက်သော မြန်မာနိုင်ငံမြောက်ပိုင်းရှိတရုတ်၏ ပံ့ပိုးဖြင့် လုပ်ဆောင်နေသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုပြန်လည်အစဖော်ခြင်းဖြစ်သည်ဟု လူမှု မီဒီယာများတွင် လူအများစုက ယူဆကြသည်။

စစ်တပ်အာဏာသိမ်းမှုတွင် တရုတ်နိုင်ငံက အမှန်တကယ် ပါဝင်ပတ်သက်ခြင်းရှိ၊ မရှိ မသေချာသော်လည်း ဆန့်ကျင်ကန့်ကွက်ခြင်း သို့မဟုတ် ထောက်ခံခြင်းသဘောကိုလည်း တရုတ်က မဖော်ပြပေ။

မြန်မာနိုင်ငံ၏ပြည်တွင်းအုပ်ချုပ်မှုပုံစံကို တရုတ်က စိတ်မဝင်စားသော်လည်း ဒီမိုကရေစီဆက်လက် တည်မြဲသည်ဖြစ်စေ၊ မတည်မြဲတည်ဖြစ်စေ လက်ရှိအခြေအနေမှ တရုတ်က မည်ကဲ့သို့အကျိုးအမြတ် ရယူမည်ဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

နှစ်ပေါင်း ၅၀ နီးပါး တင်းကျပ်သော စစ်အုပ်ချုပ်ရေး အဆုံးသတ်ပြီးနောက် ထွက်ပေါ်လာသည့် မြန်မာနိုင်ငံ၏ ၁၀နှစ်သား ဒီမိုကရေစီအတွေ့အကြုံမှာ အာဏာသိမ်းမှုကြောင့် ရပ်တန့်သွားခဲ့ပြီဖြစ်သည်။

အာဏာသိမ်းမှုကြောင့် လူထုဆန္ဒပြပွဲများနှင့် ကမ္ဘာလုံးဆိုင်ရာ ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး အမေရိကန်သည် အာဏာသိမ်းမှုပြုလုပ်ခဲ့သော အရာရှိများအား ပစ်မှတ်ထားပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်သည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရှိခဲ့သည့်ရလဒ်ကို လေးစားရန် ငြင်းဆန်မှုနှင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီဆန္ဒပြသူများကို စစ်တပ်က နှိမ်နင်းခဲ့ပြီးနောက် ချမှတ်ခဲ့သည့် ပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများပြန်လည် ချမှတ်ခြင်းကို ရှောင်ရှားလိုသော်လည်း အခြားနိုင်ငံများကလည်း နှိုင်းယှဉ် စစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နေသည်။

အာဏာသိမ်းမှုစည်းရုံးရေးနောက်ကွယ်မှ တရုတ်၏လှုံ့ဆော်မှုကို အလွယ်တကူကောက်ချက်ချနိုင်ပါသည်။

မြန်မာအစိုးရသည် ခေတ်သစ် ပိုးလမ်းသစ် စီမံကိန်းလုပ်ငန်းများကို ခေတ္တဆိုင်းငံ့ထားခြင်းနှင့် လျှော့ချခြင်း၊ အိန္ဒိယ - မြန်မာ - ထိုင်းသုံးနိုင်ငံပတ်လမ်းတည်ဆောက်ခြင်း အပါအဝင်၊ အိန္ဒိယနိုင်ငံနှင့် အကြီးစားစီမံကိန်းများ တည်ဆောက်ခြင်း၊ ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးကွန်ရက်နှင့် စစ်တွေရေနက်ဆိပ်ကမ်းတွင် အထူးစီးပွားရေးဇုန်ကိုစီစဉ်ထားခြင်းတို့နှင့်အတူ တရုတ်၏ကိုယ်ကျိုးစီးပွားစီမံကိန်းများနောက်သို့ ပြန်လှည့်နေသည်ဟု တရုတ်က ရှုမြင်သည်။

တရုတ် - မြန်မာစီးပွားရေး စင်္ကြန်အရ တရုတ်နိုင်ငံက အကျိုးအမြတ်များစွာ ရရှိနိုင်သော်လည်း မူလစီမံကိန်း ၃၈ ခုအနက်မှ ၉ ခုကိုသာ မြန်မာနိုင်ငံက အတည်ပြုခဲ့သည်။

ရပ်တန့်နေသော စီမံကိန်းတစ်ခုမှာ ဧရာဝတီမြစ်တွင် ဆည်ဆောက်မည့် မြစ်ဆုံဆည်ဖြစ်ပြီး တရုတ်နှင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသည့် များပြားလှစွာသော လုပ်ငန်းများကို လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးမည်ဖြစ်သည့်အတွက် တရုတ်အတွက် အခြေခံအကျဆုံး ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။

အိန္ဒိယနှင့် ပတ်သက်၍ ဖော်ပြခြင်းမပြုသော်လည်း ဂျပန်နှင့် အမေရိကန်တို့၏ သြဇာလွှမ်းမိုးမှုနှင့် ပတ်သက်၍လည်း တရုတ်က စိုးရိမ်ခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေပြောင်းလဲမှုက NLD အစိုးရလက်ထက်တွင် ခွင့်ပြုချက်မရခဲ့သည့် တရုတ်စီမံကိန်းများ တိုးတက်မှုအတွက် အထောက်အကူပြုလိမ့်မည်ဖြစ်သည်။

နီပေါတွင် ဖြစ်ပျက်ခဲ့သည်များနှင့်လည်း ဆင်တူပြီး၊ အိန္ဒိယဆန့်ကျင်ပြီး တရုတ်အစိုးရကို လိုလားသူ အာဏာရရေးကို တရုတ်ကလှုပ်ရှား ဆောင်ရွက်ခဲ့သည်။ အိန္ဒိယနှင့်နယ်စပ်အငြင်းပွားမှု စတင်ဖြစ်ပွားစေရန်အတွက် တရုတ်ကနီပေါကို လှုံ့ဆော်ပေးခဲ့ကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။

ယင်းအခြေအနေကို အညွှန့်မချိုးနိုင်ပါက မြန်မာနိုင်ငံသည်လည်း အလားတူဖြစ်ရပ်များတွေ့ကြုံနိုင်သည်။ မြန်မာစစ်တပ်အကြီးအကဲ မင်းအောင်လှိုင်သည် လွန်ခဲ့သော တစ်လက ပေကျင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီနှင့်တွေ့ဆုံခဲ့ခြင်းက စစ်တပ်အာဏာသိမ်းရေးအတွက် ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း ဆိုကြသည်။

မြန်မာနိုင်ငံကို ညီအစ်ကိုဟုခေါ်ဆိုခြင်းအားဖြင့် တရုတ်သည် တပ်မတော်၏ (မြန်မာ စစ်တပ်) အမျိုးသားရေး ပြန်လည်အား သစ်လောင်းခြင်း ကြိုးပမ်းချက်ကို ချီးမွမ်းလေ့ရှိသည်။ မင်းအောင်လှိုင်၏ပေကျင်းခရီးစဉ်အပြီးတွင် တပ်မတော်အာဏာပိုင်များက မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်နိုင်ခြေရှိကြောင်း ဖော်ပြခဲ့သည်။

အကယ်၍ တရုတ်နိုင်ငံက မြန်မာ့မြေတွင် ခြေချနိုင်ပါက မြန်မာနိုင်ငံက တရုတ်အကျိုးစီးပွားကို ဆောင်ရွက်နေရသည့် စီးပွားရေးလုပ်ကွက်အဖြစ် အဆင့်လျော့ကျသွားမည်ဖြစ်သည်။

အဆိုးဆုံးအခြေအနေမှာ တိဘက်ကဲ့သို့ ဖြစ်လာနိုင်ပြီး မြန်မာ့ကိုယ်ပိုင်ယဉ်ကျေးမှု၏ အခန်းကဏ္ဍတိုင်း ဖယ်ရှားခံရမည်ဖြစ်သည်။

မြန်မာနိုင်ငံက တရုတ်အား အဆုံးအဖြတ်ပေးသည့် အင်အားတစ်ခုအဖြစ် မသတ်မှတ်သေးမီ၊ အကျိုးထက်အပြစ်များသည့် ဆိုးကျိုးအားလုံးကို ချိန်ဆသင့်ပါသည်။

စစ်တပ်အာဏာသိမ်းမှုတွင် တရုတ်ပါဝင်ပတ်သက်နေသည်ဟူသော ကောလာဟလသတင်းများအရ တရုတ်မှလွဲ၍ မည်သူမျှ အကျိုးကျေးဇူးများမည် မဟုတ်ပေ။ တရုတ်သည် တွန်းလှန်ရန်ခက်ခဲသည့် နိုင်ငံဖြစ်သော်လည်း တရုတ်၏အစီအစဉ်များကို ခုခံခြင်းသည်သာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အာမခံပေးလိမ့်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly