ကမ္ဘောဒီးယားသည် အန္တရာယ်ရှိသော အဆင့်တစ်ခုသို့ ရောက်ရှိနေဟု ကုလကျွမ်းကျင်သူပြောကြား

ကမ္ဘောဒီးယားသည် အန္တရာယ်ရှိသော အဆင့်တစ်ခုသို့ ရောက်ရှိနေဟု ကုလကျွမ်းကျင်သူပြောကြား

ဖနွမ်ပင်၊ နိုဝင်ဘာ၂၅ ။            ။ ကမ္ဘောဒီးယား၏ ပိုပိုဆိုးဝါးလာသော ထိန်းချုပ်ရန်ခက်ခဲသည့် နိုင်ငံရေးအခြေအနေက အန္တရာယ်ရှိသော အခြေအနေတစ်ရပ်ဆီသို့ တွန်းပို့နေကြောင်း ကမ္ဘောဒီးယားဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးသံတမန်က နိုဝင်ဘာ ၂၄ တွင်ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား၏ အထင်ရှားဆုံးအတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆီအား ဖမ်းဝရမ်းထုတ်ပြီးနောက် နိုင်ငံသည် ခါးသည်းသော နိုင်ငံရေးအကျပ်အတည်းတစ်ခုအတွင်းသို့ စိုက်ဆင်းသွားခဲ့သည်။ ဆမ်ရိန်ဆီသည် ထိုစဉ်ကတည်းက အာဏာရှင် ဝန်ကြီးချုပ် ဟွန်ဆန်ကို အတိုက်အခံလှုပ်ရှားမှုကို ဖျက်ဆီးရန်ကြိုးစားနေသည်ဟု စွပ်စွဲနေခဲ့သည်။

ပိုမိုမြင့်မားလာသည့် နိုင်ငံရေးအတွင်းပဋိပက္ခနှင့် အတူ အကြမ်းဖက်ဖြစ်စဉ်များ၊ လူပုဂ္ဂိုလ်များကို ခြိမ်းခြောက်မှုများနှင့် နိုင်ငံရေးလမ်းကြောင်းအား ဝေဖန်ထိုးနှက်တိုက်ခိုက်မှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ပါရှိလာသည်ဟု ကမ္ဘောဒီးယားဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ရိုနာစမစ်သ်က ပြောကြားခဲ့သည်။

"လက်ရှိအဖြစ်အပျက်တွေထဲက ဘယ်လိုတင်းမားမှုမျိုးမဆို ကမ္ဘောဒီးယားကို အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုဆီကို ဆွဲခေါ်သွားနိုင်ပါတယ်"ဟု နိုဝင်ဘာ၂၄က ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုတွင် ၎င်းကပြောကြားခဲ့သည်။ စမစ်သ်အနေဖြင့် ကမ္ဘောဒီးယား၏ ပြည်တွင်းနိုင်ငံရေးကိုလည်းကောင်း၊ ဆမ်ရိမ်ဆီနှင့် ပတ်သက်၍လည်းကောင်း စွက်ဖက်ခြင်း၊ မှတ်ချက်ပေးခြင်းတို့ မလုပ်လိုသော်လည်း ငြိမ်းချမ်းသောနည်းလမ်းဖြင့် လွတ်လပ်စွာ တွေးခေါ်ပြောဆိုနိုင်မှုမရှိခြင်း၊နိုင်ငံရေးတွင် ပါဝင်ခွင့်မရှိခြင်းတို့နှင့် ပတ်သက်၍မူ များစွာစိုးရိမ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

နိုင်ငံသို့ပြန်လာပါက ထောင်ဒဏ်နှစ်နှစ်ကျခံရနိုင်သော ရိန်ဆီသည် ဗီယက်နမ်နှင့် ထိစပ်နေသော နယ်ခြားဒေသဆိုင်ရာ အငြင်းပွားဖွယ်စာရွက်စာတမ်းများပြုလုပ်ရာတွင် ကြံရာပါအဖြစ်ပါဝင်မှုအဖြစ် လွန်ခဲ့သောသီတင်းပတ်က တရားစွဲဆိုခံထားရသည်။ ဆမ်ရိမ်ဆီအား ပါလီမန်ဆိုင်ရာတရားစွဲဆိုမှုကင်းလွတ်ခွင့်အား ရုပ်သိမ်းခံရပြီးနောက် ၎င်းသည် လွန်ခဲ့သည့်သီတင်းပတ်က ကမ္ဘောဒီးယားသို့ပြန်လာရန် ဖျက်သိမ်းခဲ့သည်။ ၎င်းသည် လောလောဆယ်ဥရောပတွင် ရှိနေသည်။ ဆမ်ရိမ်ဆီအား ဒီဇင်ဘာ ၄တွင် တရားရုံးတွင် အမှုရင်ဆိုင်ရာ ဆင့်ခေါ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required