အိုလံပစ်အားကစားပွဲကျင်းပခြင်းအား သပိတ်မှောက်ဆန့်ကျင်ခံရမည်ကို စိုးရိမ်လျက် အားကစားကို နိုင်ငံရေးဇာတ်မသွင်းရန် တရုတ်က အမေရိကန်ကို တိုက်တွန်း

အိုလံပစ်အားကစားပွဲကျင်းပခြင်းအား သပိတ်မှောက်ဆန့်ကျင်ခံရမည်ကို စိုးရိမ်လျက် အားကစားကို နိုင်ငံရေးဇာတ်မသွင်းရန် တရုတ်က အမေရိကန်ကို တိုက်တွန်း
Photo: EPA

၂၀၂၂ ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲတော်တွင် အမေရိကန်နိုင်ငံ ဝင်ရောက်ပါဝင်ခြင်း ရှိ၊မရှိကို သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က ရှင်းရှင်းလင်းလင်းပြောကြားခြင်း မရှိသေးသောကြောင့် အားကစားကို နိုင်ငံရေးဇာတ်မသွင်းရန် တရုတ်က အမေရိကန်ကို သောကြာနေ့တွင် တိုက်တွန်းလိုက်သည်။

အားကစားကို နိုင်ငံရေးဇာတ်သွင်းခြင်းက အိုလံပစ်ပဋိညာဉ်၏ သဘောသဘာဝနှင့် ဆန့်ကျင်ပြီး နိုင်ငံအားလုံးမှအားကစားသမားများ၏စိတ်ဝင်စားမှုကို ထိခိုက်စေသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin ကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဟောင်ကောင်၊ တိဘက်နှင့် ရှင်ကျန်းပြည်နယ်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေသည်ဟု စွပ်စွဲဝေဖန်ခံနေရပြီး အခြားနိုင်ငံများက အိုလံပစ်ပွဲတော်ကျင်းပခြင်းအား သပိတ်မှောက်ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Jen Psaki က ဘိုင်ဒင်အစိုးရ အနေဖြင့် အမေရိကန်အိုလံပစ်ကော်မတီထံမှ လမ်းညွှန်မှုကိုတောင်းခံထားပြီး ပေကျင်းအားကစားပြိုင်ပွဲတွင်ပါဝင်ခြင်းနှင့် ပတ်သက်၍ နောက်ဆုံးဆုံးဖြတ်ချက်မချရသေးကြောင်း ကြာသပတေးနေ့က ပြောကြားခဲ့ပြီးနောက်တစ်ရက်တွင် Wang ၏ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းများစွာကလည်း ၂၀၂၂ အားကစားပွဲတော်ကို ပေကျင်းတွင် လက်ခံကျင်းပခွင့်ပြုမည့် ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးရန် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီကိုလည်း တောင်းဆိုခဲ့ကြသည်။

ဝမ်က "၂၀၂၂ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ဟာ သက်ဆိုင်သူအားလုံးရဲ့ ပူးပေါင်းကြိုးပမ်းအားထုတ်မှုတွေကြောင့် ထူးခြားပြီး ထင်ရှားတဲ့ ပွဲတော်တစ်ခုဖြစ်လာလိမ့်မယ်ဆိုတာကို ကျွန်တော်တို့ အခိုင်အမာယုံကြည်တယ်" ဟု ဆိုသည်။

အကယ်၍ အိုလံပစ်ပွဲတော်အား စီစဉ်ထားသည့်အတိုင်း လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကျင်းပနိုင်မည်ဆိုပါက ပေကျင်းသည် နွေရာသီနှင့် ဆောင်းရာသီ အားကစားပွဲများကိုပထမဆုံးကျင်းပနိုင်သည့်မြို့ ဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required