တူရကီက ရုရှလေယာဉ်ကို ပစ်ချမှုကြောင့် နှစ်နိုင်ငံတင်းမာမှု မြင့်မားလာ

တူရကီက ရုရှလေယာဉ်ကို ပစ်ချမှုကြောင့် နှစ်နိုင်ငံတင်းမာမှု မြင့်မားလာ

အန်ကာရာ၊ နိုဝင်ဘာ-၂၅ ။                 ။ နိုဝင်ဘာလ ၂၄ရက်နေ့က ဆီးရီးယားနယ်စပ်တွင် ရုရှိ တိုက်လေယာဉ်တစ်စင်းကို တူရကီက ပစ်ချလိုက်သည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး တစ်ဆင့်တက် တင်းမာလာရာ အန်ကာရာ၏ နောက်ကျောကို ဓားနှင့်ထိုးသည့် လုပ်ရပ်မှာ ပြင်းထန်သော အကျိုးဆက်များကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု ရုရှသမ္မတ ဗလာဒီမီယာ ပူတင်က သတိပေးခဲ့သည်။

နေတိုး (NATO)အကြီးအကဲ ဂျင် စတိုတင်ဘာ့က စစ်မဟာမိတ်အဖွဲ့အနေဖြင့် အဖွဲ့ဝင် တူရကီဘက်မှ ရပ်တည်ခဲ့သော်လည်း ဆီးရီးယားဝေဟင်တွင် ညွှန့်ပေါင်းတပ်ဖွဲ့နှင့် ရုရှလေယာဉ်များကြား ပဋိပက္ခများ ကြီးထွားလာမည်ကို စိုးရိမ်သေည့် ကမ္ဘာ့ခေါင်းဆောင်များကဲ့သို့ပင် ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းလိုက်သည်။

‘ကျနော်တို့ တူရကီနဲ့ တစည်းတလုံးတည်းရှိပြီး ကျနော်တို့ရဲ့ နေတိုးမဟာမိတ် တူရကီရဲ့ အချုပ်အခြာပိုင်နက်ကို ထောင်ခံပါတယ်။ သံခန်းတမန်ခင်းနဲ့ တင်းမာမှုလျော့ပေါ့ရေးဟာ ဒီအခြေအနေကို   ဖြေရှင်းရာမှာ အရေးကြီးပါတယ်’ဟု စတိုတင်ဘာ့က အန်ကာရာ၏ မေတ္တာရပ်ခံချက်အရ ကျင်းပသည့် အဖွဲ့ဝင် ၂၈နိုင်ငံတက်ရောက်ခဲ့သော အရေးပေါ် အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

ရုရှတိုက်လေယာဉ်မှာ တူရကီလေပိုင်နက်အတွင်းသို့ ၅မိနစ်အတွင်း ၁၀ကြိမ် ကျူးကျော်ဝင်ရောက်လာသောကြောင့် ၎င်း၏ F-16 နှစ်စင်းက ပစ်ချခဲ့ရခြင်းဖြစ်သည်ဟု တူရကီစစ်တပ်က   ပြောကြားခဲ့သည်။   

ကုလဆိုင်ရာ တူရကီသံအမတ်ကြီးက လုံခြုံရေးကောင်စီသို့ ပေးပို့ခဲ့သည့် စာထဲတွင်မူ ရုရှလေယာဉ်နှစ်စင်းမှာ တူရကီလေပိုင်နက်အတွင်းသို့ ၁မိုင်ကျော်အထိ ၁၇စက္ကန့်ကြာ ဝင်ရောက်ပျံသန်း   နေခဲ့သည်ဟု ရေးသားထားသည်။

သို့ရာတွင် မော်စကိုကမူ ၎င်းပိုင် Su-24လေယာဉ်ကို ပစ်ချလိုက်သည့်အတွက် တူရကီကို ခါးသည်းပြင်းထန်စွာဝေဖန်လိုက်ပြီး လေယာဉ်မှာ ဆီးရီးယား လေပိုင်နက်အတွင်းမှာသာ ရှိကြောင်းနှင့်   လေယာဉ်ထဲမှ ခုန်ချလိုက်သည့် လေယာဉ်မှူးကို ဆင်းသက်လာစဉ် မြေပြင်မှ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် သေဆုံးခဲ့ရသည်ဟုလည်း ပြောကြားခဲ့သည်။

ပူတင်က လေယာဉ်ပစ်ချမှုကို အကြမ်းဖက်သမားများနှင့် ကြံရာပါများက နောက်ကျောကို ဓားဖြင့်ထိုးသည့်လုပ်ရပ်ဟု တံဆိပ်ကပ်လိုက်ပြီး ဤဖြစ်ရပ်ကြောင့် ရုရှ-တူရကီဆက်ဆံရေးတွင် ဆိုးရွားပြင်းထန်သော အကျိုးဆက်များဖြစ်ပေါ်လာလိမ့်မည်ဟုလည်း သတိပေးလိုက်သည်။

ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့ကလည်း တူရကီသို့ အလည်အပတ်ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ရုရှနိုင်ငံသားများအားလည်း တူရကီသို့ အသွားအလာဆင်ခြင်ရန် သတိပေးလိုက်သည်။

တိုက်ခိုက်ခံရနိုင်သည့်အန္တရာယ်မှာ အိုင်အက်စ်အကြမ်းဖက်သမားများက ၎င်းတို့၏ လက်ချက်ဟု ပြောနေသည့် လိုက်ပါလာသူ ၂၂၄ယောက်စလုံး သေဆုံးခဲ့ရသည့် ရုရှ ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ရာ အီဂျစ်နိုင်ငံထက် မလျော့ကြောင်း လက်ဗရော့က ပြောကြားခဲ့သည်။  

ယခုလက်ရှိတွင် ရုရှ၏ မော့စဗာ ပဲ့ထိန်းဒုံးကျည်တင်သင်္ဘောကို ဆီးရီးယား၏ မြေထဲပင်လယ်နယ်စပ်ရှိ လာတာကီရာအနီးတွင် တပ်စွဲထားမည်ဖြစ်ပြိး ဆီးရီးယားရှိ ဗုံးကြဲလေယာဉ်အားလုံးကိုလည်း တိုက်လေယာဉ်အစောင့်အရှောက်များဖြင့် ခြံရံစေမည်ဖြစ်သည်ဟု ရုရှစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ကြိး ဆာဂျီ ရက်စကိုအီက ပြောကြားခဲ့သည်။

လေယာဉ်ပစ်ချမှုကြောင့် ဆိုးရွားပြင်းထန်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည်ဟုလည်း ၎င်းက ထပ်လောင်းသတိပေးခဲ့သည်။

‘ကျနော်တို့ကို ခြိမ်းခြောက်နိုင်တဲ့ ပစ်မှတ်မှန်သမျှကို ဖျက်စီးပစ်မယ်’ဟုလည်း ၎င်းက သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly