မြန်မာစစ်တပ်အပေါ် ခိုင်မာပြတ်သားစွာ အရေးယူဆောင်ရွက်မည်ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ပြော

မြန်မာစစ်တပ်အပေါ် ခိုင်မာပြတ်သားစွာ အရေးယူဆောင်ရွက်မည်ဟု အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ပြော
အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင့်ကန် (Photo: EPA)

ဖေဖေါ်၀ါရီ ၂၂

စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများအပေါ် အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းနေသည့် မြန်မာအာဏာပိုင်များကို အမေရိကန်နိုင်ငံအနေဖြင့် ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟု နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင့်ကန်က ဖေဖေါ်၀ါရီ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

သီတင်းပတ်ကုန်က ဆန္ဒပြသူနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၌ ထိန်းသိမ်းခံထားရသည့် ရွေးကောက်ခံခေါင်းဆောင် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရေးနှင့် ဖေဖေါ်၀ါရီ ၁ အာဏာသိမ်းမှု ပြောင်းပြန်ဖြစ်ရေး တောင်းဆိုသည့် အကြမ်းမဖက် CDM လှုပ်ရှားမှုနှင့် သီတင်းပတ်နှစ်ပတ်ကျော်ကြာ နေ့စဥ် ဆန္ဒပြမှုများကို မြန်မာလုံခြုံရေးတပ်ဖွဲ့များအနေဖြင့် တားဆီးဟန့်တားနိုင်စွမ်း မရှိခဲ့ပေ။

“ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံထားရတဲ့ အစိုးရ အာဏာပြန်ရရေး ‌တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်သူတွေအပေါ် ခိုင်မာပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ အမေရိကန်ဘက်က ဆက်လုပ်သွားမှာ ဖြစ်တယ်” ဟု ဘလင့်ကန်က တွစ်တာ ပို့စ်တစ်ခုတွင် ပြောထားခဲ့သည်။

“ကျွန်တော်တို့ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်”ဟု ၎င်းက ပြောသည်။

မြန်မာ ယာယီသမ္မတနှင့် အာဏာသိမ်း စစ်ခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်မှုများ အမေရိကန်က ချမှတ်ခဲ့ပြီး ၁၀ ရက်အကြာတွင် ဘလင့်ကန်၏ အာမခံမှု ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံ၏ အရပ်သားဦးဆောင်သော အစိုးရထံမှ အာဏာသိမ်းယူရာတွင် တာ၀န်ရှိသူများနှင့် ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ငန်းမှ ကုမ္ပဏီသုံးခုအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အတည်ပြုခဲ့သည်။

အာဏာသိမ်းမှုတွင် အဓိကအခန်းကဏ္ဍကနေ ပါ၀င်ခဲ့သည်ဟု စွပ်စွဲပြီး မြန်မာ အဆင့်မြင့် စစ်တပ်အရာရှိနှစ်ဦးအပေါ် အရေးယူဒဏ်ခတ်မှုများကို အမေရိကန်ဘဏ္ဍာရေး၀န်ကြီးဌာနက အသစ်ပြင်ဆင်ချမှတ်ခဲ့သည်။

“တကယ်လို့များ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် ထပ်ပြီးအကြမ်းဖက်မယ်ဆိုရင် မြန်မာစစ်တပ်အနေနဲ့ ဒီနေ့ ဆန်ရှင်တွေဟာ ပထမဆုံးချတဲ့ ဆန်ရှင်တွေပဲ ရှိသေးပါလား ဆိုတာကို သိရပါလိမ့်မယ်” ဟု ဘဏ္ဍာရေး၀န်ကြီး ဂျဲနက် ယဲလန်းက ဖေဖေါ်၀ါရီ ၁၁ ရက် အရေးယူဒဏ်ခတ်မှုများ လုပ်စဥ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required