ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးမူဘောင် နိုဝင်ဘာ ၂၇ တွင် စတင်ရေးမည်

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးမူဘောင် နိုဝင်ဘာ ၂၇ တွင် စတင်ရေးမည်

နိုင်ငံရေးဆွေးနွေးပွဲများအတွက် ဆွေးနွေးမည့်အကြောင်းအရာ နိုင်ငံရေးမူဘောင်ကို နိုဝင်ဘာ ၂၇ရက်တွင် စတင် ရေးဆွဲမည်ဟု UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက နိုဝင်ဘာ ၂၄ရက်တွင် မဇ္ဈိမကို ပြောသည်။

"နိုဝင်ဘာ ၂၇ရက်မှာ မူဘောင်ရေးဆွဲရေး လုပ်ငန်းစလုပ်မယ်။ ဒီနေ့တော့ အစိုရး၊ တိုင်းရင်းသား လက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီတွေက ၈ဦးစီပါတဲ့ မူဘောင် မူကြမ်းရေးဆွဲရေး ကော်မတီကို ဖွဲ့ပြီး သွားပါပြီ။ နိုင်ငံရေး ပါတီဖက်က ဒုဥက္ကဌ တစ်ယောက်လည်း ရွေးပါတယ်" ဟု ဆိုသည်။

မူဘောင်ရေးဆွဲမည့် ကော်မတီတွင် UPDJC အဖွဲ့ဝင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ရှစ်ဦးစီဖြင့် စုစုပေါင်း ၂၄ဦးထိပါဝင်သည်။

ယင်းကော်မတီက နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် အစိုးရတို့အပြင် အဖွဲ့အစည်းများက တင်ပြထားသည့် မူဘောင်မူကြမ်းများမှ ဘုံသဘောတူညီမှု ရရှိသည့်အချက်များဖြင့် မူဘောင်ကို ရေးဆွဲ သွားမည်ဟုလည်း ပဒိုစောကွယ်ထူးဝင်းကဆိုသည်။

UPDJC တွင် နိုင်ငံရေးပါတီမှ ၁၆ဦး၊ အပစ်ရပ် လက်မှတ်ထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ၁၆ ဦးနှင့် တပ်မတော်အပါအဝင် အစိုးရအဖွဲ့မှ ၁၆ဦးကျစီ ပါဝင်ကာ အကြံပေး အဖွဲ့အဖြစ် နိုင်ငံရေးပါတီများမှ ၈ဦးအဖွဲ့ တို့ပါဝင်ကြသည်။

 UPDJC ဥက္ကဌအဖြစ်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုဥက္ကဌ သုံးဦးအဖြစ်၊ ဦးအောင်မင်း၊ ပဒိုကွယ်ထူးဝင်းနှင့် ဦးသုဝေတို့က တာဝန်ယူထားခြင်းဖြစ်သည်။ နိုင်ငံရေးပါတီမှ ဒုဥက္ကဌ အဖြစ်တာဝန်ယူသည့် ဦးသုဝေကို နိုဝင်ဘာ ၂၄ရက်တွင် နိုင်ငံရေးပါတီများ၏ အဆိုပြုချက်ဖြင့် ရွေးချယ်ခြင်းလည်းဖြစ်သည်ဟုဆိုသည်။

အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ရက်ပေါင်း ၆၀အတွင်း နိုင်ငံရေး မူဘောင်တစ်ခုကို ရေးစွဲပြီးစီးရန်လိုအပ်ပြီး ရက်ပေါင်း၉၀ အတွင်းနိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရမည်ဟု အာမခံချက် အပစ်ရပ် စာချုပ်တွင်ထည့်သွင်း ထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၊ ကရင်အမျိုးအသား အစည်းအရုံး KNU တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့က အောက်တိုဘာ ၁၅ရက်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလက်မှတ်ကို နေပြည်တော်တွင် ရေးထိုးထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags