အရှေ့အလယ်ပိုင်းဆိုင်ရာ ကန်ပေါ်လစီက နှစ်နိုင်ငံအတွက် ခြိမ်းခြောက်မှုဟု အီရန်ခေါင်းဆောင်က ပူတင်ကိုပြော

အရှေ့အလယ်ပိုင်းဆိုင်ရာ ကန်ပေါ်လစီက နှစ်နိုင်ငံအတွက် ခြိမ်းခြောက်မှုဟု အီရန်ခေါင်းဆောင်က ပူတင်ကိုပြော

ဒူဘိုင်း၊နိုဝင်ဘာ၂၄ ။           ။ အမေရိကန်၏ အရှေ့အလယ်ပိုင်းဆိုင်ရာပေါ်လစီက နှစ်နိုင်ငံစလုံးအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု တီဟီရန်တွင် ပြုလုပ်သော ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အစည်းအဝေးတစ်ခုတွင် အီရန်ဦးစီးခေါင်းဆောင်က ပြောကြားလိုက်ပြီး ပိုမိုနီးကပ်သောနှစ်နိုင်ငံဆက်ဆံရေးတည်ဆောက်ရန် တောင်းဆိုလိုက်သည်။

ဆီးရီးယားပြည်တွင်းစစ်က ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား ပိုမိုကျယ်ပြန့်သော ကိုယ်စားပြုတိုက်ပွဲအသွင်သို့ တဖြည်းဖြည်းပြောင်းလဲနေပြီး ရုရှားနှင့် အီရန်တို့က ဆီးရီးယားသမ္မတဘာရှား အယ်လ်အာဆတ်ကို ထောက်ခံလျက်ရှိကာ အနောက်အင်အားကြီးနိုင်ငံများ၊ တူရကီနှင့် ပင်လယ်ကွေ့အာရပ်နိုင်ငံများက အာဆတ်ကို ဖြုတ်ချရန်လိုလားနေသည်။

"အမေရိကန်တွေဟာ ကာလရှည်အကြံအစည်တစ်ခုရှိပြီး ဆီးရီးယားကိုကြီးစိုးဖို့ ကြိုးစားနေပါတယ်။ အဲဒီနောက် ဒေသတစ်ခုလုံးကို စိုးမိုးမှာပါ။ ဒါဟာ နိုင်ငံအားလုံးအတွက် အထူးသဖြင့် ရုရှားနဲ့ အီရန်အတွက် ခြိမ်းခြောက်မှုတစ်ခုပါ"ဟု ဦးစီးခေါင်းဆောင်က ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။ တီဟီရန်တွင် ပြုလုပ်သော သဘာဝဓါတ်ငွေ့တင်ပို့သောနိုင်ငံများဖိုရမ် (GECF) ထိပ်သီးဆွေးနွေး ပွဲကာလကြားအချိန်အတွင်း ဝက်ဘ်ဆိုက်တွင်ရေးသားခဲ့ခြင်းဖြစ်သည်။

"အမေရိကန်ဟာ အခုဆိုရင် ဆီးရီးယားမှာ မအောင်မြင်တဲ့ သူ့ရဲ့စစ်ရေးရည်မှန်းချက်တွေကို နိုင်ငံရေးနည်းလမ်းတွေနဲ့ အဖတ်ဆည်ဖို့ ကြိုးစားနေပါတယ်"ဟု အဆိုပြုထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များကို ရည်ညွှန်းလျက် ၎င်းကပြောကြားသည်။ ပါရီနှင့် ဘေရွတ်တွင် ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ်တိုက်ခိုက်မှုများအပြီး ယခုလ ဗီယင်နာတွင်ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ရုရှား၊ အမေရိကန်နှင့် ဥရောပ၊ အရှေ့အလယ်ပိုင်းတို့မှနိုင်ငံများအပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် ဆီးရီးယားတွင် နှစ်နှစ်အတွင်း ရွေးကောက်ပွဲ များပြုလုပ်နိုင်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ် များဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ သို့သော်လည်း အာဆတ်၏ ကံကြမ္မာကဲ့သို့ အဓိကကျသော ပြသနာများတွင် ကွဲလွဲချက်များ ရှိနေဆဲဖြစ်သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့် ဆီးရီးယားနိုင်ငံနှင့် ပတ်သက်၍ ၎င်းတို့၏ နိုင်ငံရေးဆန္ဒကို မပြဋ္ဌာန်းသင့်ကြောင်း ပူတင်နှင့် ခါမေနီတို့က ၎င်းတို့၏ ဆွေးနွေးပွဲတွင် သဘောတူခဲ့သည်ဟု ကရင်မလင်မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အင်တာဖက်စ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ပူတင်နှင့် ခါမေနီတို့သည် ပိုမိုနီးကပ်သော ကုန်သွယ်ဆက်ဆံမှုကို လိုလားကြောင်း ပြောကြားခဲ့ကြသည်။ တီဟီရန်သည် မော်စကိုနှင့် စွမ်းအင်၊ ဘဏ်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေသည်ဟု အီရန်သမ္မတဟာဆန်ရိုဟာနီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required