စစ်စခန်းတွေ သိမ်းပိုက်ခံရအကြောင်း တရုတ်နဲ့ ကုလသမဂ္ဂ တို့ထံ KIA စာပို့

စစ်စခန်းတွေ သိမ်းပိုက်ခံရအကြောင်း တရုတ်နဲ့ ကုလသမဂ္ဂ တို့ထံ KIA စာပို့
ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ပွဲများ ရပ်တန့်ရေးအတွက် နိုဝင်ဘာ ၂၄ရက်က မန္တလေးတွင် ဆန္ဒပြတောင်းဆိုစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် ။          ။ တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်သည် မိုးညှင်းတိုက်ပွဲကြောင့်ဟုယူဆကာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ၏ စစ်စခန်းများသိမ်းပိုက်ခံရခြင်း၊ ပဋိပက္ခ စတင်ဖြစ်ပွားရခြင်းအကြောင်းကို တရုတ် နှင့် ကုလသမဂ္ဂ တို့ထံ အသိပေးထားသည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်၊ လမိုင်းဂွန်ဂျာက နိုဝင်ဘာ ၂၄ရက်တွင် မဇ္ဈိမကို ပြောသည်။

KIA က မြန်မာငြိမ်းချမ်းရေးအတွက် လေ့လာစောင့်ကြည်သူ တရုတ်ကိုယ်စားလှယ် မစ္စတာမက်ဆင်ကရိုဆင်း နှင့် ကုလအတွင်းရေးမှူးချုပ်ဘန်ကီးမွန်း၏ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်းဘီးယား တို့ထံသို့ နိုဝင်ဘာ ၂၀ရက်နေ့က တိုက်ရိုက်စာပေးပို့ အသိပေးခဲ့ခြင်းဖြစ်သည်။

"စာထဲမှာ၊ KIA စခန်းတွေကို တပ်ကသိမ်းတဲ့အကြောင်းရက်စွဲ၊ အချိန်အတိအကျရေးထားတယ်၊ တိုက်ပွဲဖြစ်ရတဲ့ အကြောင်းကိုလည်း အတိအကျဖော်ပြထားတယ်။ တိုက်ပွဲတွေဘာလို့ ဖြစ်တာလဲ သိအောင်၊ အကြောင်းပြန်မပြန် တော့မသိရဘူး၊ KIOကိုလည်း တိုက်ရိုက်ပြန်ပြောနိုင်တယ်။ ကျွန်တော်တို့ဆီ မိတ္တူပို့လို့သိရတာ။" ဟု လမိုင်းဂွန်ဂျာက ပြောသည်။

နိုဝင်ဘာ ၁၅ရက်မှစတင်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်များ၊ သိမ်းပိုက်ခံရသည့် စခန်းအခြေအနေဖြစ်စဉ်များ၊ တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးခဲ့ရသူ ဒေသခံဦးရေစသည့် အကြောင်းအရာများ ထည့်သွင်းရေးသား ထားသည့် စာမိတ္တူကိုလည်း ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်ဖော်ဆောင်ရေးကော်မတီ၊ ကချင်ပြည်နယ် ပဋိပက္ခလျော့ချရေးညှိနှိုင်းကော်မတီတို့ထံ ပေးပို့ခဲ့သည်ဟု ၎င်းကဆိုသည်။

KIA နှင့် အစိုးရတပ်တို့အကြား နိုဝင်ဘာ ၁၅ရက်မှ ၁၉ရက်ထိ၊ ထိတွေ့တိုက်ခိုက်မှု ၉ကြိမ်ဖြစ်ပေါ်ခဲ့ကာKIA ဖက်မှ မိုးညှင်းမြို့နယ်အတွင်းရှိ ပျော်လင့်စခန်း ပွိုင့် ၉၂၈၊ KH 384336 အပါအဝင်၊ တပ်စခန်း ၃ခုကို တပ်မတော်က သိမ်းပိုက်ခဲ့သည်ဟု KIA မှသိရသည်။

နိုဝင်ဘာ ၁၅ရက် နေ့လည် ၁၂နာရီ ၁၀မိနစ်အချိန်၊ မိုးညှင်းမြို့ပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြေင်းသည် မိုးညှင်းမြို့အရှေ့တောင်ဖက်၊ ၃မိုင်ခန့်အကွာ ပွိုင့် ၉၂၈ တောင်ကုန်းအားရှင်းလင်းရာ ၎င်းနေရာတွင်အခြေပြုနေသော KIA အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၁၇ရက်တွင် နောက်ဆုံးသတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required