ဖေဖော်ဝါရီလ ၄ ၊ ၂၀၂၁
တာဝန်က ဖယ်ရှားခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းပြီး နှစ်ရက်အကြာမှာ တရားစွဲဆိုခြင်းအတွက် စိုးရိမ်ပူပန်မိကြောင်း အမေရိကန်က ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ စစ်တပ်ကို တိုက်တွန်းတယ်။ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပါ။”ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ပရက်စ်က သတင်းထောက်တွေကို ပြောပါတယ်။
“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပြစ်မှုဆိုင်ရာတွေနဲ့ တရားစွဲထားပြီး NLD လွှတ်တော်အမတ်တွေကိုလည်း နေပြည်တော်ကနေ ထွက်ခွာဖို့ အမိန့်ပေးထားတယ်လို့ သတင်းတွေ ကျွန်တော်တို့ ကြားသိရတယ်။ ဒီ သတင်းတွေကြောင့် ကျွန်တော်တို့ စိုးရိမ်ပူပန်မိပါတယ်။”လို့ သူက ဆိုပါတယ်။
“ဖမ်းဆီးထားတဲ့ အရပ်ဖက်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ဂျာနယ်လစ်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို ချက်ချင်းပြန်လွှတ်ဖို့ ကျွန်တော်တို့ တော်ငးဆိုတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို အာဏာလွှဲအပ်ဖို့လည်း တောင်းဆိုတယ်။”လို့ နက်ပရက်စ်က ဆက်လက်ပြောခဲ့ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန် ဥပဒေနဲ့လည်းကောင်း၊ သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့လည်းကောင်း နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးကနေ ချုပ်ရက်ရမန် ၁၄ ရက် ပေးလိုက်တယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက သူ ဖေ့ဘုတ်ကနေတစ်ဆင့် အသိပေးရေးသားခဲ့ပါတယ်။