တပ်မတော်က အာဏာသိမ်းတာကို NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကုန်လုံးကကန့်ကွက်

တပ်မတော်က အာဏာသိမ်းတာကို NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကုန်လုံးကကန့်ကွက်
Photo - PPST

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

တပ်မတော်က အာဏာသိမ်းယူတဲ့အပေါ်  အပစ်အခတ် ရပ်စဲရေး NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဆန်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိနိုင်ငံရေး အကျပ်အတည်းအပေါ်  တပ်မတော်က အာဏာသိမ်းယူတဲ့ နည်းလမ်းနဲ့ ဖြေရှင်းတာကို ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့တာပါ။

NCA ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့  (PPST) ရဲ့အထူးအစည်းအဝေးအပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ့ပိုင်းမှာ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo - PPST

နိုင်ငံရေးပြဿနာတွေကို အင်အားသုံး ဖြေရှင်းတာမျိုး မပြုဘဲနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ကို တိုက်တွန်းကြောင်းလည်း အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

PPST အနေနဲ့ COVID-19 ရောဂါကြောင့်ရော လက်ရှိနိုင်ငံရေး ပြဿနာအပေါ် အင်အားသုံး ဖြေရှင်းတာကြောင့်ပါ ပြည်သူတွေကြုံနေရတဲ့ အခက်အခဲတွေကို သဘောပေါက်နားလည်ပြီး ပြည်သူနဲ့အတူ ပူးပေါင်းဖြေရှင်းသွားမယ်လို့လည်း ရေးသားထားပါတယ်။

ဒီအပြင်ကို လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကပါ ပါဝင်ဖြေရှင်းပေးဖို့ကို PPST အဖွဲ့ဝင် ၁၀ ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ PPST အစည်းအဝေးမှာ လက်ရှိနိုင်ငံရေး အခြေအနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အကြေအလည်ဆွေးနွေးပြီး ဘုံသဘောထားစုစည်းချက်ကို အခုလိုထုတ်ပြန်ကြေညာခဲ့တာလို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly