ရန်ကုန်စတော့အိတ်ချိန်း ၉၀ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး စတင်နိုင်ရန် ရက်ပိုင်းသာလို

ရန်ကုန်စတော့အိတ်ချိန်း ၉၀ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး စတင်နိုင်ရန် ရက်ပိုင်းသာလို

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ။          ။ မြန်မာပြည်စီးပွားရေး တိုးတက်ဖို့ မျှော်လင့်စရာ နောက်ထပ်ရင်းနှီးမြှုပ်နှံစရာနေရာသစ်ဖြစ်တဲ့ ရန်ကုန်စတော့အိတ်ချိန်းစတင်နိုင်ဖို့ ရက်အနည်းငယ်လောက် ပဲလိုအပ် ပါတော့တယ်၊ လောလောဆယ်တော့ ရာခိုင်နှုန်းကိုးဆယ်ကျော်ပြီးစီးနေပါပြီ။

၂၀၁၆ခုနှစ်..နှစ်ဆန်းပိုင်းကိုရောက်ရင်တော့ ကျွန်တော့်နောက်မှာရှိနေတဲ့ အဆောက်အဦးကနေ စတော့ရှယ်ယာအရောင်းအဝယ်တွေ လုပ်ကိုင်ကြ တော့မှာဖြစ်ပါတယ်။ ဒါဟာရင်းနှီးမြှုပ်နှံ စရာနေရာ နည်းပါးနေတဲ့ မြန်မာပြည်စီးပွားရေးအတွက် နေရာသစ်၊ အခွင့်အလမ်းသစ်တွေဖြစ်လာမှာဖြစ်ပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းကို ပြည်တွင်းကအများပိုင်ကုမ္ပဏီ(၁၀)ခုလောက်နဲ့ လာမယ့်ဒီဇင်ဘာလထဲမှာ စတင်လည်ပတ်သွားဖို့ရှိနေပါတယ်။ ဒီစတော့အိတ်ချိန်းကိုတော့ မြန်မာနိုင်ငံ အစိုးရနဲ့ အတူဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်ကုမ္ပဏီ-ဒိုင်ဝါတို့က ပူးပေါင်းတည်ထောင်နေတာ ဖြစ်ပြီးဒီကနေတစ်ဆင့် ရှယ်ယာအရောင်းအဝယ်တွေက ၂၀၁၆ခုနှစ်ထဲမှာ အသက်ဝင်လာမှာဖြစ်ပါတယ်။

"သူက (၁၀)ခုဆိုပေမယ့် ပထမရက်မှာတော့ (၁၀)ခုဖြစ်ချင်မှ ဖြစ်မှာပေါ့နော်၊ ကြော်ငြာတဲ့အထဲမှာ listed ကုမ္ပဏီအဖြစ်လက်ခံတယ်ပေါ့။ ရှယ်ယာထုတ်ရောင်းတာတော့ ပထမရက်မှာဟုတ်ဦးမှာ မဟုတ် ဘူး၊ ခြောက်လ၊တစ်နှစ်လောက်ကျမှ ရှယ်ယာထုတ်ရောင်းမယ်လို့မြင်တယ်၊ ပထမရက်မှာရှယ်ယာထုတ်ရောင်းမှာကကုမ္ပဏီ (၁)ခု (၂)ခုလောက်ပဲရှိမယ်လို့ ကျွန်တော်မြင်တယ်။ ခိုင်မာမှုအနေနဲ့က တစ်ချို့ကုမ္ပဏီတွေက လုပ်တာကြာတဲ့အတွက် ခိုင်မာမှုရှိပါတယ်။"လို့ သူရဆွစ်(စ)ကုမ္ပဏီလီမိတက်၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာအောင်သူရက ပြောပါတယ်။

FMI အများပိုင်ကုမ္ပဏီ၊ မြန်မာနိုင်ငံသားများဘဏ်နဲ့ သီလဝါ အများပိုင်ကုမ္ပဏီလီမိတက်တို့က ရန်ကုန်စတော့အိတ်ချိန်းရဲ့ ကနဦးအသုတ်ထဲမှာ ပါဝင်လာမယ့် ကုမ္ပဏီတွေဖြစ်ပါတယ်။

“ကျွန်တော်တို့ယုံကြည်တာက ကျွန်တော်တို့သာရန်ကုန်စတော့အိတ်ချိန်းထဲ ဝင်လိုက်မယ်ဆိုရင် ကျွန်တော်တို့ ရှယ်ယာတန်ဘိုးတက်လာမယ်”  လို့ မြန်မာနိုင်ငံသားများဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံသားများဘဏ်အနေနဲ့ကတော့ အရင်နှစ် (၂၀) လောက်ကတည်းက အများပိုင်ကုမ္ပဏီအနေနဲ့ အစုစပ်ပါဝင်သူတွေကို အမြတ်ဝေစုခွဲပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မတီမှာလည်း ရှယ်ယာတစ်စုတန်ဘိုး နှစ်ဆယ်ရာခိုင်နှုန်းလောက် တန်ကြေးရှိနေတဲ့ ကုမ္ပဏီတစ်ခုပါ၊ လက်ရှိဖွဲ့စည်းပုံအရ အစိုးရငွေကြေး ၃၀ရာခိုင်နှုန်း၊ ပြည်သူ့ထည့်ဝင်ငွေ က ၇၀ ရာခိုင်နှုန်းနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပါတယ်။

ဦးမြင့်ဝင်းက "ငွေကြေးခိုင်မာမှုဆိုတာကလည်း ကျွန်တော်တို့ဘဏ်သည် အခုထိအစိုးရက (၃၀) ရာခိုင်နှုန်းပိုင်တယ်၊ အများပြည်သူကလည်း (၇၀)ရာခိုင်နှုန်းပိုင်တယ်၊ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းထားတယ်၊ Results Moneyတွေလည်း အပြည့်အဝထားတယ်၊ ဒါကျွန်တော်တို့ဘဏ်ရဲ့ငွေကြေးခိုင်မာမှု။" လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာမြို့ဖြစ်တဲ့ ရန်ကုန်မှာ တည်ရှိတဲ့ သီလဝါအထူးစီးပွားရေးဇုန်၊ ပထမအဆင့်မှာဆိုရင် ရောင်းချနိုင်တဲ့မြေကွက် (၇၀)ရာခိုင်နှုန်းလောက်ထဲမှာ ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၁၃) နိုင်ငံက ကုမ္ပဏီပေါင်း (၅၀)လောက်က ဒီအထူးစီးပွားရေးဇုန်ထဲမှာ သူတို့ရဲ့ လုပ်ငန်းတွေ လည်ပတ်နေပြီဖြစ်ပါတယ်။ ဒီအထူးစီးပွားရေးဇုန်ရဲ့ သီလဝါ အများပိုင်ကုမ္ပဏီလီမိတက် အနေနဲ့ ကုမ္ပဏီတည်ထောင်ပြီး အချိန်(၂)နှစ် ကျော်ထဲမှာရှယ်ယာရှင်ပေါင်း တစ်သောင်းခြောက်ထောင်ကျော်ရှိလာတာ ဖြစ်ပြီး လာမယ့်ရန်ကုန်စတော့အိတ်ချိန်းမှာ ရှယ်ယာအရောင်းအဝယ်တွေ လုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

သီလဝါအများပိုင်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဝင်းအောင်က "ကျွန်တော်တို့ရဲ့ ရှယ်ယာရှင်တွေ သူတို့ရဲ့ရှယ်ယာတွေကိုစည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်နဲ့အညီ လွယ်လင့်တကူ အရောင်းအဝယ် လုပ်နိုင်ဖို့ အားလုံးကို ပြင်ဆင်နေပါပြီ၊ ဒီလိုအရောင်းအဝယ်တွေအတွက် ပြင်ဆင်ပြီးတာနဲ့ စတော့ဈေးကွက်မှာ ပါဝင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။" လို့ ပြောပါတယ်။

ငွေကြေးခိုင်မာမှုအပြင် စတော့ဈေးကွက်ဝင် ကုမ္ပဏီတွေအနေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ စည်းမျဉ်းဥပဒေတွေကို လိုက်နာနိုင်ဖို့ကလည်း လိုအပ်နေပါတယ်။

ရန်ကုန်စတော့ဈေးကွက်က မြန်မာပြည်စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်းတွေဖြစ်လာဖို့ကိုတော့ မျှော်လင့်လို့ရနေပါတယ်။ တစ်ဆက်တည်းမှာ ပဲစတော့ ဈေးကွက်အတွင်း ကငွေဖြူငွေမဲ ကိစ္စရှင်းတမ်းတွေ၊ ရှယ်ယာရှင်တွေအကြားယုံကြည်မှုနဲ့ တစ်ခြားအတွေ့အကြုံမရှိသေးတဲ့ ကိစ္စမျိုးတွေကလည်းရှေ့မှာတွေ့ကြုံရဖို့လည်းရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly