ဟောင်ကောင်နေ သန်းပေါင်းများစွာ နိုင်ငံသားလျှောက်ထားခွင့်ရှိ ဗီဇာအစီအစဉ်သစ် ဗြိတိန် စတင်

ဟောင်ကောင်နေ သန်းပေါင်းများစွာ နိုင်ငံသားလျှောက်ထားခွင့်ရှိ ဗီဇာအစီအစဉ်သစ် ဗြိတိန် စတင်
Photo - AFP

ဇန်နဝါရီ ၃၁ ၊ ၂၀၂၁

ဟောင်ကောင်ရဲ့ ကိုလိုနီအုပ်ချုပ်သူဟောင်း ဗြိတိန်ဟာ ဟောင်ကောင်နေ သန်းပေါင်းများစွာအတွက် ဗြိတိန်နိုင်ငံသား ဖြစ်ခွင့်ရမယ့် ဗီဇာအစီအစဉ်သစ်ကို တနင်္ဂနွေနေ့ နှောင်းပိုင်းမှာပဲ စတင်တော့မှာ ဖြစ်ပါတယ်။

ဟောင်ကောင်က သဘောထား ကွဲလွဲသူတွေကို တရုတ်ရဲ့ ဖြိုခွင်းမှုတွေကနေ ထွက်ပြေး လွတ်မြောက်လိုတဲ့ ဟောင်ကောင်ပြည်သူတွေအတွက် ဗြိတိန်ဟာ တံခါးဖွင့်လှစ်ပေးတဲ့ ဗီဇာ အစီအစဉ်သစ်ပါပဲ။

တနင်္ဂနွေနေ့ နေ့လယ်ပိုင်းကနေ စလို့ ဗြိတိန်နိုင်ငံသား (ပြည်ပရောက်) BNO ပတ်စ်ပို့ ကိုင်ဆောင်သူနဲ့ သူတို့ကို မှီခိုသူတွေအားလုံးဟာ ဗြိတိန်မှာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ပိုင်ခွင့်ကို အွန်လိုင်းကနေ လျှောက်ထားနိုင်တော့မှာ ဖြစ်ပါတယ်။ ငါးနှစ်ကြာတဲ့အခါမှာ သူတို့ဟာ ဗြိတိန်နိုင်ငံသားအဖြစ်ပါ လျှောက်ထားနိုင်ကြမှာပါ။

BNO ပတ်စ်ပို့ ကိုင်ဆောင်သူတွေအနေနဲ့ အရင်ကဆို ဗြိတိန်မှာ ခြောက်လထက် မပိုစေဘဲ လည်ပတ်ခွင့် အကန့်အသတ် ရှိထားတာ ဖြစ်သလို အလုပ်လုပ်ခွင့်နဲ့ အခြေချခွင့်လည်း မရှိပါ။ 

ဟောင်ကောင်မှာ ကြီးမားပြီး တစ်ခါတစ်ရံ ဆူပူအကြမ်းဖက်မှုအသွင် ဆောင်ခဲ့တဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ တရုတ်က ပြီးခဲ့တဲ့နှစ်မှာ လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ ဗြိတိန်နိုင်ငံက ခုလို ဗီဇာအစီအစဉ်သစ်ကို ဆောင်ရွက်လာတာပဲ ဖြစ်ပါတယ်။

စီးပွားရေး အချက်အခြာဖြစ်တဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်မှာ လက်လွှဲပေးအပ်ခဲ့ချိန်က အဓိက လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ကို နှစ် ၅၀ ကြာ ထိန်းသိမ်းပါမယ်ဆိုတဲ့ ကတိကဝတ်ကို တရုတ်က ဖျက်ဆီးပစ်နေတယ်ဆိုပြီး ဗြိတိန်က စွပ်စွဲထားပါတယ်။ ကိုလိုနီဟောင်းအပေါ် ကာကွယ်ပေးရမှာက ကျင့်ဝတ်နဲ့ညီတဲ့ တာဝန်တစ်ရပ်လည်း ဖြစ်တယ်ဆိုပြီး ဗြိတိန်က ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ သမိုင်းပေးတာဝန်နဲ့ ဟောင်ကောင် ပြည်သူတွေနဲ့ မိတ်ဖက်ပြုမှုအတွက် ကျွန်တော်တို့တွေ ဂုဏ်ယူပါတယ်။ လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်အတွက် ကျွန်တော်တို့ ရပ်တည်နေကြတာ ဖြစ်ပါတယ်” လို့ ဗီဇာသစ် အစီအစဉ်နဲ့ ပတ်သက်ပြီး အခုသီတင်းပတ်မှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

ဗြိတိန်ရဲ့ ဗီဇာသစ်အစီအစဉ် ကမ်းလှမ်းချက်အပေါ် တရုတ်က ဒေါသတကြီး တုန့်ပြန်ခဲ့ပါတယ်။

BNO ပတ်စ်ပို့တွေကို ဥပဒေနဲ့ညီတဲ့ ခရီးသွားလာခွင့်နဲ့ မှတ်ပုံတင်မှတ်တမ်းတွေအဖြစ် ရေရှည်အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ တရုတ်က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly