ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် ဆိုးရွားသည့် အခြေအနေမတွေ့ရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော

ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် ဆိုးရွားသည့် အခြေအနေမတွေ့ရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြော
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် ဆိုးရွားသည့် အခြေအနေမတွေ့ရ၍ ကာကွယ်ဆေးထိုးလုပ်ငန်းများကို စနစ်တကျ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“မနေ့တုန်းက အထိုးခံလိုက်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာဆိုရင် သုံးပုံတစ်ပုံလောက်ကတော့ နည်းနည်းကိုက်ခဲတာတွေ၊ ချမ်းသလိုလိုဖြစ်တာတွေ၊ အဖျားရှိသလို နည်းနည်းဖြစ်တာတွေကို ထိုးပြီး ၁၂ နာရီလောက် ကြာတဲ့အခါကျတော့ ဖြစ်လာပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဆိုးဆိုးဝါးဝါးကြီး မဟုတ်ပါဘူး။ ခဏပါပဲ နောက်တော့ ကောင်းသွားပါတယ်။ အခုထိတော့ ကျွန်မတို့ ဆိုးဆိုးရွားရွား ဘာမှမတွေ့ရပါဘူး။ အဲ့ဒါကြောင့် ဆက်ပြီးတော့လည်း ကျွန်မတို့ ဒီအစီအစဉ်ကို စနစ်တကျလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ည ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့် စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် ဆေးထိုးသည့် နေရာတွင် အကျိတ်ငယ်ဖြစ်ခြင်း၊ ရာသီတုပ်ကွေးကဲ့သို့ လက္ခဏာများ ခံစားရနိုင်ခြင်း၊ မူးဝေခြင်း၊ ယားယံခြင်း၊ ချွေးထွက်လွန်ခြင်း၊ အစာစားချင်စိတ်လျော့နည်းခြင်း၊ ဗိုက်အောင့်ခြင်း၊ ပြန်ရည်ကျိတ်များကြီးခြင်း စသည့် သာမန်လက္ခဏာများ ပြတတ်ကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူ အများစုတွင် တုံ့ပြန်သည့် လက္ခဏာများကို တွေ့ရပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ဖူးသူများ၊ အသက်ငယ်သည့် လူအုပ်စုများတွင် ဆေးထိုးပြီးနောက် တုံ့ပြန်မှုများသည်ကို တွေ့ရကြောင်း ကိုဗစ်ကာကွယ်ဆေးထိုးခဲ့သည့် အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ မာမာကြည်က ပြောသည်။

“အပ်က မနာဘူး အပ်က သေးသေးလေး။ ဆေးကလည်း ဝ. ၅ ပဲ။ တင်ပါးကို ထိုးတဲ့ ဆေးအပ်အရှည်ကြီးမဟုတ်ဘူး။ ပုံမှန်ကတော့ အစောပိုင်းတော့ သိပ်မနာဘူး။ တဖြေးဖြေးထိုးတဲ့နေရာက နာတယ်။ အခု အမတို့တွေ့သလောက်က ကိုဗစ်ဖြစ်ထားဖူးတဲ့ သူတွေမှာ နည်းနည်းလေး လက္ခဏာပိုဆိုးတာတွေ့ရတယ်။ အမတို့ဆီမှာ ၉၈ ယောက်ထိုးတာပေါ့နော်။ ခန္ဓာကိုယ်ကြီးတာ၊ သေးတာနဲ့တော့ မဆိုင်ဘူး။ အသက်ငယ်တဲ့သူတွေက နည်းနည်းတုံ့ပြန်တာ ပိုများနေတယ်။ ပြည်သူလူထုအတွက် ဒီရောဂါကာကွယ်ဖို့ အရေးကြီးတာကြောင့် ထိုးခွင့်ရရင် ထိုးဖြစ်အောင် ထိုးပါလို့ ပြောချင်ပါတယ်” ဟု ဒေါက်တာ မာမာကြည်ကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် Covishield ကာကွယ်ဆေး ၁ သန်းခွဲ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာသည့် ကိုဗစ်ကာကွယ်ဆေးများကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများကို ပထမဆုံးကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်း ၆၈၀၀၀ ကျော်ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နိုင်ငံတဝန်းကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ဦးစားပေးအုပ်စုအလိုက်အဆင့်ဆင့်ထိုးနှံပေးသွားမည်ဟု တာဝန်ရှိသူများက ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required