နိုင်ငံဖြတ်ကျော် တရုတ် ရာဇဝတ်ဂိုဏ်းများ နယ်စပ်တွင် လွှမ်းမိုးမှု ဖယ်ရှားရန် မြန်မာ ကြိုးပမ်းနေကြောင်း အမေရိကန် အင်စတီကျု ပြော 

နိုင်ငံဖြတ်ကျော် တရုတ် ရာဇဝတ်ဂိုဏ်းများ နယ်စပ်တွင် လွှမ်းမိုးမှု ဖယ်ရှားရန် မြန်မာ ကြိုးပမ်းနေကြောင်း အမေရိကန် အင်စတီကျု ပြော 
ပုံစာ - ရွှေကုက္ကိုမြို့သစ် စီမံကိန်း နမူနာပုံစံ (ဓာတ်ပုံ - Myanmar Yatai International Holding Group)

ဇန်နဝါရီ ၂၈

ရွှေကုက္ကိုစီမံကိန်းနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များ၏ ကိုင်တွယ်မှုသည် တိုင်းရင်းသား လက်နက်ကိုင်များ၏ အကာအကွယ်ကိုယူ၍ ကိုယ်ပိုင်စီမံခွင့်ရထားသည့် နယ်မြေထဲတွင် တရုတ် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများက ရာဇဝတ်မှုနှင့်မကင်းသည့် အကျိုးစီးပွားဆိုင်ရာ လွှမ်းမိုးခြင်းကို ဖယ်ရှားပြီး တရားဥပဒေ စိုးမိုးမှု ရှိစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အမေရိကန် အင်စတီကျုတစ်ခုက သုံးသပ်သည်။ 

အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဂျေဆင် တာဝါနှင့် ပရစ်စယ်လာ ကလပ်တို့၏ “Myanmar: Army Moves Against Chinese Crime Groups in Autonomous Zones” အမည်ရှိ ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ချက်တွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာဒေသအတွင်းရှိ ရွှေကုက္ကိုမြို့သစ် စီမံကိန်း နောက်ကွယ်ရှိ နိုင်ငံဖြတ်ကျော် တရုတ်ရာဇဝတ်ဂိုဏ်းများ၊ ယင်းဂိုဏ်းများ၏ စီးပွားရေး လည်ပတ်မှု၊ ထိုအခြေအနေအပေါ် မြန်မာအာဏာပိုင်များ၏ ကိုင်တွယ်ရန် ကြိုးပမ်းမှုများကို သုံးသပ်ထားခြင်း ဖြစ်သည်။ 

စာရေးသူများက ၎င်းတို့၏ လေ့လာသုံးသပ်ချက်တွင် မြန်မာနယ်စပ်နေရာသည် တရုတ် ရာဇဝတ်ဂိုဏ်းများ ကွန်ရက်၏ ဗဟိုချက်ဖြစ်လာခြင်း၊ မြန်မာ့နယ်စပ်ဒေသက လောင်းကစား အင်ပါယာ ဖြစ်လာရခြင်း အကြောင်းအရင်း၊ တရုတ်-မြန်မာ နယ်စပ်အနီးရှိ လက်နက်ကိုင် တပ်ဖွဲ့များနှင့် တရုတ် တရားရေးဆိုင်ရာ၏ အခန်းကဏ္ဍတို့ကို လေ့လာစိစစ်ထားသည်။ 

အမေရိကန်နိုင်ငံ၊ မန်ဟတ်တန်မြို့၏ နှစ်ဆအရွယ်ရှိသော ရွှေကုက္ကိုမြို့သစ် စီမံကိန်းမှစ၍ နယ်စပ်ဒေသ နယ်မြေများအတွင်း တရားဥပဒေ စိုးမိုးမှု ရှိစေရန် မြန်မာအစိုးရက တပ်မတော်ကို တောင်းဆိုခဲ့သည်။ 

အမေရိကန် ဒေါ်လာ ဘီလီယံများစွာ တန်သည့် ယင်းလောင်းကစားမြို့တော် စီမံကိန်းတွင် တရုတ် ရာဇဝတ် ဒုစရိုက်သမားတစ်ဦးလည်း ပတ်သက်နေသည်ဟု သိရသည်။ 

အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က အဆိုပါရာဇဝတ်ဂိုဏ်း ခေါင်းဆောင် အမည်ကို မဖော်ပြသော်လည်း ၎င်းသည် 4K အဖွဲ့မှ သွားကျိုး (ခေါ်) ဝန်ကောက်ကွိုင် ဖြစ်သည်ဟု Asia Times က ယမန်နှစ် ဒီဇင်ဘာလအတွင်း ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ 

ကရင်နယ်ခြားစောင့်တပ် (BGF) သည် တပ်မတော် လက်အောက်တွင် ရှိသော်လည်း ထိန်းချုပ်ရန် ခက်ခဲလာမှုကြောင့် တပ်မတော်က ကာစီနို လောင်းကစားရုံ ၁၈ ရုံရှိသည့် မြဝတီမြို့သို့ စစ်ကြောင်းများ စေလွှတ်ပြီး ကာစီနိုရုံများတွင် အလုပ်လုပ်နေသည့် အထောက်အထားမဲ့ တရုတ်အလုပ်သမား တစ်ထောင်နီးပါးကို နှင်ထုတ်ခဲ့သည်။  

မြန်မာနိုင်ငံအတွင်းရှိ ယင်းပိုင်နက်နေရာနှင့် ဆက်စပ်သည့် တရုတ် ရာဇဝတ်ဂိုဏ်းများ၏ ကွန်ရက်သည် အရှေ့တောင်အာရှတစ်ခွင် တရားမဝင် လှုပ်ရှားမှုများနှင့် ဆက်စပ်နေကြောင်းလည်း သိရသည်။  

မြန်မာနယ်စပ်သည် ယင်းသို့ တရားမဝင် လှုပ်ရှားမှုဆိုင်ရာ ဗဟိုချက်ခြာ ဖြစ်လာရခြင်းနှင့် ပတ်သက်၍ လက်နက်ကိုင်တပ်များ များပြားနေခြင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ပထဝီဝင် အနေအထားကြောင့် ဖြစ်သည်ဟု ဆိုသည်။ 

တပ်မတော်နှင့် သဘောတူညီမှုယူပြီး နယ်ခြားစောင့်တပ် ဖွဲ့ခဲ့သည့် ဗိုလ်မှူးကြီး စောချစ်သူသည် ထိုင်း-မြန်မာနယ်စပ်တွင် ကိုယ်ပိုင်စီမံခွင့်ကို အသုံးချခဲ့ပြီး ၂၀၁၄ ခုနှစ်မှစ၍ တရားမဝင် လောင်းကစား အင်ပါယာကို ထူထောင်ခဲ့ကြောင်း လေ့လာချက် သုံးသပ်ချက်က ဖော်ပြသည်။ နယ်စပ်ဖြတ်ကျော် တရားမဝင် ရာဇဝတ်ဂိုဏ်းများ၏ ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၄၅ ဘီလီယံ ရရှိမည့် အွန်လိုင်း လောင်းကစားနေရာ ဖြစ်လာစေရန် ရည်ရွယ်ကြောင်းလည်း သိရသည်။ 

မြန်မာနိုင်ငံတွင် လောင်းကစားမှုသည် တရားမဝင်ဖြစ်ပြီး ယင်းဥပဒေကို ၂၀၁၉ တွင် ထပ်မံ ပြင်ဆင်ခဲ့သည်။ 

အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ တန်ဖိုးရှိ ရွှေကုက္ကို စီမံကိန်းသည် သမ္မတ ရှီကျင့်ဖျင်၏ ဒေါ်လာ ထရီလီယံနှင့်ချီသည့် ခါးပတ်တစ်ကွင်း လမ်းတစ်စင်း Belt and Road Initiative (BRI) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း တည်ထောင်သူများက အွန်လိုင်းကြေညာချက်တစ်ခုတွင် ပြောသော်လည်း ရန်ကုန်ရှိ တရုတ်သံရုံးက ယမန်နှစ် ဩဂုတ်လတွင် မဟုတ်မှန်ကြောင်း တုံ့ပြန်ခဲ့သည်။ 

နောက်ဆုံး အခြေအနေအားဖြင့် ရွှေကုက္ကိုမြို့သစ် စီမံကိန်းနှင့် ပတ်သက်ပြီး BGF မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ခေါင်းဆောင် သုံးဦးကို နုတ်ထွက်ပေးရန် တပ်မတော်မှ အကြောင်းကြားခဲ့ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် BGF တပ်ဖွဲ့တစ်ဖွဲ့လုံး နုတ်ထွက်စာတင်ခဲ့သည်။ သို့သော် တပ်မတော်၏ တိုက်တွန်းမှုကြောင့် ပြန်လည် စဉ်းစားရန် ဆုံးဖြတ်ခဲ့ကြောင်း BGF တပ်ဖွဲ့မှ ဗိုလ်မှူး နိုင်မောင်ဇော်က မဇ္ဈိမကို ပြောထားသည်။  

ကိုးကန့်နှင့် ကရင် BGF တို့အကြား ရှုပ်ထွေးလှသော သမိုင်းဆိုင်ရာ နိုင်ငံရေး၊ ဥပဒေနှင့် လုံခြုံရေး ကိစ္စများသည် တရုတ် ရာဇဝတ်ဂိုဏ်းကွန်ရက်များ နက်ရှိုင်းစွာ ဝင်ရောက်စေမှုကို ဖြစ်စေခဲ့ကြောင်း၊ လွတ်လွပ်စွာ စီမံခွင့်ရနယ်မြေတွင် ပြင်ပ လွှမ်းမိုးမှုများ ဝင်ရောက်လာခြင်းက မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် အချုပ်အခြာ အာဏာပိုင်မှုကို ခြိမ်းခြောက်နေကြောင်း ဂျေဆင် တာဝါနှင့် ပရစ်စယ်လာ ကလပ်တို့က သုံးသပ်ထားသည်။   

မြန်မာနိုင်ငံ အနာဂတ် တည်ငြိမ်ရေး၊ စီးပွားရေး အကျိုးစီးပွားနှင့် လွတ်လပ်မှုတို့သည် အရပ်ဘက်၊ စစ်ဘက် ခေါင်းဆောင်များ နားလည်မှုသစ် ရရှိရေးနှင့် လက်နက်ကိုင်တပ် မျိုးစုံတို့က နိုင်ငံ၏ ဥပဒေစနစ်အောက်တွင် လိုက်နာနိုင်စေရေး လိုအပ်သည်ဟု ၎င်းတို့က ကောက်ချက် ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required