နိုင်ငံတဝန်းရှိ မြို့နယ်ဆေးရုံပေါင်း ၃၅ဝကျော်တွင် ဇန်နဝါရီလ၂၇နေ့ ကိုဗစ်ကာကွယ်ဆေး စထိုးပေးမည်

နိုင်ငံတဝန်းရှိ မြို့နယ်ဆေးရုံပေါင်း ၃၅ဝကျော်တွင် ဇန်နဝါရီလ၂၇နေ့ ကိုဗစ်ကာကွယ်ဆေး စထိုးပေးမည်
ဓာတ်ပုံ - အောင်မြတ်သူ/မဇ္ဈိမ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

နိုင်ငံတဝန်းရှိ မြို့နယ်ဆေးရုံပေါင်း ၃၅ဝ ကျော်တွင် မနက်ဖြန် (ဇန်နဝါရီလ ၂၇) ရက်နေ့၌ အစိုးရကျန်းမာရေးဝန်ထမ်းများကို ပထမဆုံးကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက မဇ္ဈိမကို ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကာကွယ်ဆေးတစ်ပြိုင်နက်တည်းထိုးနှံပေးသွားမည်ဖြစ်ပြီး အရေးပေါ်အခြေအနေတစ်စုံတစ်ရာဖြစ်လာပါက ဆေးဝါးကုသပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်းလည်း ဆက်ပြောသည်။

ဒေါက်တာမြတ်ဝဏ္ဏစိုးက  “မနက်ဖြန် ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံတွေပေါ့နော်။ မြို့နယ်ဆေးရုံတွေအားလုံး ၃၅ဝ ကျော်ပေါ့။ အကုန်လုံး တစ်ပြိုင်တည်း ထိုးသွားမှာပါ။ အရင်တုန်းက ကာကွယ်ဆေးဆိုတာ ကျွန်တော်တို့က ရပ်ထဲရွာထဲမှာ ထိုးတာပါ။ အခုဒီကာကွယ်ဆေးကိုတော့ ကုတင် ၅ဝ ဆေးရုံလို မြို့နယ်အဆင့်ဆေးရုံတွေမှာပဲ ထိုးနှံပေးမှာပါ။ အဲ့ဒီနောက် လိုအပ်တဲ့ ပြင်ဆင်ထားမှုတွေ၊ တစ်ခုခုဆို ဆေးဝါးကုသဖို့ အဆင်သင့်ပေါ့ စီစဉ်ထားပါတယ်။” ဟု ၎င်းက ပြောသည်။

နေပြည်တော်တွင် မြို့နယ်ဆေးရုံကြီးများ၊ ကုတင် ၁ဝဝဝ၊ ကုတင် ၃ဝဝ ဆေးရုံကြီးများနှင့် အထူးကုဆေးရုံကြီးများရှိ ကျန်းမာရေးဝန်ထမ်း၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းအင်အား ၃၈ဝဝ ကျော်ကို ကာကွယ်ဆေးစတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဒေါက်တာမြတ်ဝဏ္ဏစိုးက “နေပြည်တော်မှာဆိုရင် မြို့နယ် ၈ မြို့နယ်မှာရှိတဲ့ မြို့နယ်ဆေးရုံ ၈ ရုံရော၊ ကုတင် ၁ဝဝဝ၊ နောက် ကုတင် ၃ဝဝ၊ အထူးကုဆေးရုံကြီးတွေမှာ အကုန်လုံးတစ်ပြိုင်တည်း ထိုးမှာပါ။ ညွှန်ကြားချက်လာတဲ့အတိုင်း ဆက်ထိုးသွားရမှာပါ။ အခုလောလောဆယ်မှာ ပထမဆုံးအနေနဲ့ အစိုးရကျန်းမာရေးဝန်ထမ်းတွေကို ထိုးပါဆိုလို့ ဆောင်ရွက်တာပါ” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဧရာကိုဗစ်စင်တာရှိ ကျန်းမာရေးဝန်ထမ်းများကိုလည်း မနက်ဖြန်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်ကာကွယ်ဆေး ၁ သန်းခွဲသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံအတွက် ပထမဆုံးရရှိသည့် ကိုဗစ်ကာကွယ်ဆေးဖြစ်သည်။ ကာကွယ်ဆေးများကို ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကို ပထမဆုံးထိုးပေးပြီး အစိုးရအဖွဲ့ဝန်များ၊ အစိုးရဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များကို ၁ဝ ရက်အတွင်း ကာကွယ် ဆေးထိုးပြီးနိုင်မည်ဟု မျှော်မှန်းထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

အသက်အရွယ်ကြီးရင့်သူများ၊ ရောဂါကူးစက်ဖြစ်ပွားမှုများနေသည့် မြို့နယ်များမှ ပြည်သူများ စသဖြင့် ကျန်ရှိသည့် အုပ်စုများကိုလည်း ကာကွယ်ဆေးရရှိမှုအပေါ်မူတည်ကာ အဆင့်ဆင့်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း ပြောထားသည်။

ကိုဗစ်ကာကွယ်ဆေးသည် လူတိုင်းမဖြစ်မနေထိုးနှံရမည့် ကာကွယ်ဆေးမဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက်ထိုးနှံရမည့် ကာကွယ်ဆေးဖြစ်ကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် ဖြစ်ပေါ်တတ်သည့်သာမန်လက္ခဏာများမှာ ဆေးထိုးသည့်နေရာတွင် အကျိတ်ငယ်ဖြစ်ခြင်း၊ဖျားခြင်း၊အန်ခြင်းနှင့်ရာသီတုပ်ကွေးရောဂါကဲ့သို့ သာမန်လက္ခဏာများပြတတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required