ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရမည့်သူ စာရင်းကို မြို့နယ်အလိုက် စတင်ကောက်ယူ 

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရမည့်သူ စာရင်းကို မြို့နယ်အလိုက် စတင်ကောက်ယူ 
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဇန်နဝါရီ  ၂၄၊ ၂၀၂၁ 

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရမည့်သူစာရင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက စာရင်းကောက်ခံ တင်ပြရန် အစိုးရက ညွှန်ကြားထားပြီး စတင် စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။ 

“ဒီကာကွယ်ဆေး ရောက်တာနဲ့ ဘယ်အုပ်စု ထိုးချင်လဲ၊ ထိုးချင်တဲ့ အုပ်စုအဆင်သင့် ထွက်ဆိုတဲ့ ပုံစံမျိုးရောက်အောင် ကျွန်တော်တို့က အဆင့်ဆင့် ညွှန်ကြားချက်နဲ့အညီ လူဦးရေစာရင်းတွေ ကောက်နေတာပါ။ ဥပမာ - ၁၈ နှစ်အောက်တွေ၊ ၁၈ နှစ်အထက်တွေ၊ ၁၈ နှစ်နဲ့ ၆ဝ ကြားတွေ၊ နောက် ရောဂါအခံရှိသူတွေ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်လေးတွေ လေ့လာပြီး စာရင်းလုပ်နေတယ်ပေါ့။ ဘယ်လို အုပ်စုတွေ ထိုးပေးမယ်ဆို ဆွဲထုတ်ပေးလို့ ရအောင်လုပ်နေတာပေါ့” ဟု ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်းက မဇ္ဈိမကို ပြောသည်။  

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး မြို့နယ်အတွင်းရှိ ၁၈ နှစ်အထက် လူဦးရေအားလုံး၏ စာရင်းကို ဇန်နဝါရီလ ၂၃ ရက်နေ့က စတင် ကောက်ခံလျက်ရှိပြီး ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပြန်လည် တင်ပြရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးရာဇာအေးက ပြောသည်။ 

“ကျွန်တော်တို့ မြို့နယ်မှာတော့ တိုင်းက ညွှန်ကြားထားပြီ။ ၁၈ နှစ်နဲ့အထက် ကားကွယ်ဆေး ထိုးမယ့်ဦးရေ။ တစ်ဦးချင်း အမည်စာရင်းပဲ။ အကုန်လုံးကို ကောက်တာ။ ၁၈ နှစ်အထက်။ ၁၈ နှစ်အောက် မပါဘူး။ အသက်ကတော့ မှတ်ပုံတင်ကို အဓိက အခြေခံကောက်တာ။ ၂၇ ရက်နေ့ အရောက်ပို့ရမှာပေါ့” ဟု ပြောသည်။ 

ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စာရင်းကောက်ခံရန် အဆင့်ဆင့် ညွှန်ကြားထားသော်လည်း မည်သို့ အုပ်စုခွဲ ကောက်ခံရမည်ဟူသော တိကျသည့် လမ်းညွှန်ချက် မရသေးသောကြောင့် အသက်အရွယ် အပိုင်းအခြား၊ အလုပ်အကိုင် စသည့် အခြေခံကျသော အချက်များကို ကောက်ခံသွားမည်ဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ ဦးငြိမ်းချမ်းအောင်က ပြောသည်။ 

“ရတဲ့ ကာကွယ်ဆေးနဲ့ ထိုးမယ့်လူဦးရေ ချိန်လို့ ရအောင်ထင်ပါတယ်။ နိုင်ငံ့ဝန်ထမ်းလား၊ ပုဂ္ဂလိက ကျန်းမာရေးမှာ လုပ်တာလား။ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်လားပေါ့။ ဘယ်အုပ်စုကို ထိုးမယ်ဆိုရင် အလုပ်အကိုင်ကို ကြည့်မလား၊ အသက်ကလည်း ၁၈ နှစ်အထက်ဆို ၁၈ နှစ်အထက်ပေါ့။ အခြေခံ စာရင်းဇယားရှိတော့ ထိုးရင် လွယ်တာပေါ့။ အချိန်က အကန့်အသတ် ရှိတာပေါ့နော်။ အချိန် သိပ်မရှိတော့ဘူးဆိုတော့ ကျွန်တော်တို့လည်း ကောက်တော့မှာပေါ့” ဟု ၎င်းက ပြောသည်။ 

အသက် ၁၈ နှစ်အောက် လူအုပ်စုများ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံသင့်ကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်ဆေးနှင့် ပတ်သက်သည့် အမေးအဖြေများတွင် ဖော်ပြထားသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံမှ ရောက်ရှိလာသည့် Covidshield ကာကွယ်ဆေး တစ်သန်းခွဲကို ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဗဟိုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များကို ပထမဦးစားပေးအဖြစ် ဇန်ဝါရီလ ၂၇ ရက်နေ့တွင် ပထမအသုတ်အဖြစ် စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ထို့နောက် အသက်အရွယ်ကြီးသူများ၊ အခြား ရောဂါအခံရှိသူများ၊ လူစုလူဝေးဖြင့် ကြပ်တည်းစွာနေရပြီး ရောဂါပြန့်ပွားနှုန်း များနိုင်သည့် အုပ်စု၊ နေအိမ်တွင်သာ အတတ်နိုင်ဆုံး နေကြရန် ညွှန်ကြားထားသည့် Stay at Home သတ်မှတ်ထားသော မြို့နယ်များ စသည်ဖြင့် အဆင့်ဆင့် ဦးစားပေး သတ်မှတ်ကာ ထိုးနှံပေးသွားမည် ဖြစ်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၂၁ ရက်နေ့ည မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required