လာမည့်အစိုးရသစ် ဖြေရှင်းပေးစေလို၍ သိမ်းဆည်းခံမြေအတွက် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်

လာမည့်အစိုးရသစ် ဖြေရှင်းပေးစေလို၍ သိမ်းဆည်းခံမြေအတွက် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ။              ။ ၁၉၉၆ ခုနှစ်ကတည်းက  ငပလီကမ်းခြေရှိတပ်သိမ်းမြေများ အရေးကိစ္စကို လာမည့် အစိုးရသစ်အနေဖြင့် ဖြေရှင်းပေးစေလို၍ ယနေ့ နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီတွင် သံတွဲမြို့ နံတော်တောင်ခြေမှစတင်၍ လေယာဉ်ကွင်း၊ ပင်လယ်ကမ်းခြေမှတဆင့် ငပလီလမ်းဆုံသို့  ညနေ ၅ နာရီအထိတစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်သူ ကိုစိုးဝေက ပြောကြားသည်။

ယင်းမြေများပေါ်တွင် ခရိုနီများက ဟိုတယ်ကြီးများဆောက်လုပ်ထားကြပြီး မြေပိုင်ရှင်များ၏မျိုးဆက်များ ဆင်းရဲဒုက္ခများဖြင့်ကြုံတွေ့နေရသော ကြောင့် ယင်းမြေများအား ပြန်လည်ရရှိစေရေး ဆန္ဒထုတ်ဖေါ်မှုတစ်ခု သံတွဲမြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

"ကျွန်တော်တို့တိုင်းပြည် နိုင်ငံရေးအခြေအနေက အခုရွေးကောက်ပွဲမှာ ပြည်သူတွေက အုပ်ချုပ်ဖို့အာဏာကို အန်အယ်လ်ဒီအဖွဲ့ချုပ်ဆီ ပေးလိုက်ပြီပေါ့ဗျာ။ လွှတ်တော်ထဲကို မကြာခင်ရောက်တော့မယ့်၊ အစိုးရသစ်ဖွဲ့တော့မယ့် အန်အယ်လ်ဒီကို  ဒီပြဿနာတွေဖြေရှင်းပေးနိုင်ဖို့အတွက် ကျွန်တော်က နှိုးဆော်လိုက်တာပေါ့ဗျာ" ဟု ဆန္ဒထုတ်ဖေါ်သူ ကိုစိုးဝေက မဇ္ဈိမသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD )သည် ပြည်သူများ၏ တရားမျှတမှုအတွက် နှစ်ပေါင်း ၃၀ နီးပါး ဒုက္ခအမျိုးမျိုးခံကာ တော်လှန်ခဲ့သော ပါတီဖြစ်သောကြောင့် အကောင်းဆုံးနည်းလမ်းများ ရှာဖွေကာ ဖြေရှင်းပေးမည်ဟု ယုံကြည်ကြောင်း၊ ငပလီကမ်းခြေအား အကြောင်းပြုကာ ဆန္ဒထုတ်ဖော်သော်လည်း နောင်တက်လာမည့် အစိုးရသစ်အနေဖြင့် တစ်တိုင်းပြည်လုံးရှိ သိမ်းဆည်ခံမြေပိုင်ရှင် များ၏ မျိုးဆက်များ မြေမဲ့မှု အခြေအနေမှ အချိန်မီဆွဲတင်ပေးစေချင်ကြောင်း ၎င်းက ပြောသည်။

ကိုစိုးဝေသည် ငပလီကမ်းခြေရှိ သိမ်းဆည်းခံမြေများ ပြန်လည်ရယူနိုင်ရန် ၂၀၁၃ ခုနှစ်အတွင်း ၃ ကြိမ် ဆန္ဒထုတ်ဖေါ်ခဲ့ပြီး ခွင့်ပြုမိန့်မရသောကြောင့် ထောင်ဒဏ် ၃လစီဖြင့် စုစုပေါင်း ၉လ၊ ၂၀၁၄ခုနှစ် တွင် တစ်ကြိမ်ဆန္ဒထုတ်ဖေးခဲ့ရာ ထောင်ဒဏ် ၃လ စုစုပေါင်း ၁၂လ အကျခံခဲ့ရသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly