ကိုဗစ်ကြောင့် အမျိုးသမီးများ၌ စိတ်ဖိစီးမှု ပိုများလာသဖြင့် ဂျပန်တွင် ကိုယ့်ကိုယ်ကို သတ်သေနှုန်း ပြန်မြင့်တက်လာ

ကိုဗစ်ကြောင့် အမျိုးသမီးများ၌ စိတ်ဖိစီးမှု ပိုများလာသဖြင့် ဂျပန်တွင် ကိုယ့်ကိုယ်ကို သတ်သေနှုန်း ပြန်မြင့်တက်လာ

ဇန်နဝါရီ ၂၂

ဂျပန်နိုင်ငံတွင် ကိုယ့်ကိုယ်ကို သတ်သေနှုန်းသည် ဆယ်စုနှစ် တစ်ခုစာ ကျဆင်းနေခဲ့ရာမှ ၂၀၂၀ တွင် ပြန်လည်မြင့်တက်လာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့်  စိတ်ခံစားမှုနှင့် ငွေရေးကြေးရေးဖိအားများဒဏ်ကြောင့် အမျိုးသားများထက် အမျိုးသမီးများက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု ကျူးလွန်သည့်နှုန်း ပို၍ မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

ဂျပန်နိုင်ငံတွင် အရှက်သိက္ခာကို ထိန်းရန် နည်းလမ်းတစ်ရပ်အဖြစ် ကိုယ့်ကိုယ်ကို သတ်သေသည့် ရှည်ကြာသော သမိုင်းကြောင်း ရှိထားပြီး Group of Seven နိုင်ငံများ အုပ်စုတွင် ကိုယ့်ကိုယ်ကို သတ်သေနှုန်း၌ အမြင့်ဆုံး၌ ရှိနေသည်။ 

သို့သော် တစ်နိုင်ငံလုံး ပူးပေါင်းအားထုတ်မှုဖြင့် ၁၅ နှစ်တာအတွင်း ယင်း နှုန်းထားကို ၄၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှ စတင်ကာ ဆယ်နှစ်ဆက်တိုက် ကိုယ့်ကိုယ်ကို သတ်သေကြသည့်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

သောကြာနေ့က ထုတ်ပြန်သည့် ပမာဏ ရဲမှတ်တမ်း အချက်အလက်အရ ၂၀၂၀ တွင် ကိုယ်ကိုကို သတ်သေနှုန်းသည် စုစုပေါင်း ၂၀၉၁၉ ဦး ရှိနေရာ ၂၀၁၉ ကထက် ၇၅၀ ပိုများသည်။

၂၀၂၀ ပထမနှစ်ဝက်အတွင်း ကိုယ့်ကိုယ်ကို သတ်သေကြသည့် နှုန်းထားမှာ ကျဆင်းရိပ်ပြခဲ့သော်လည်း ဇူလိုင်လမှ နောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု၏ သက်ရောက်မှုများကြောင့် စတင်နှုန်းထား တက်လာခဲ့ခြင်းဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများနှင့် သုတေသီများက ပြောသည်။

လိင်အားဖြင့် ဆိုလျှင် ကိုယ့်ကိုယ်ကို သတ်သေသည့် အမျိုးသားဦးရေ ၁၃၉၄၃ ဦး ရှိပြီး အမျိုးသမီးဦးရေမှာ ၆၉၇၆ ဦး ရှိရာ ပြီးခဲ့သည့်နှစ်နှင့် ယှဉ်လျှင် အမျိုးသားများ၌ ၁ ရာခိုင်နှုန်း ကျဆင်းခြင်းဖြစ်သော်လည်း အမျိုးသမီးများအတွက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းပင် ဖြစ်သည်။ အမျိုးသမီးများအနေဖြင့် ကပ်ဘေးအတွင်း အလုပ်အကိုင်များ ပို၍ ဆုံးရှုံးမှုနှင့် ကြုံရသည့် ဝန်ဆောင်မှုနှင့် လက်လီဈေးကွက်နယ်ပယ်များတွင် ပို၍ လုပ်ကိုင်ကြခြင်း ဖြစ်သည်။

“အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို သတ်သေတဲ့ နှုန်း စိတ်မကောင်းစဖွယ် မြင့်တက်နေတာဟာ ဆက်လက်ဖြစ်ပေါ်နေတုန်းပဲ”ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ဆိုသည်။

“ကိုယ့်ကိုယ်ကို သတ်သေဖို့ အကြောင်းရင်းခံတွေ အမျိုးမျိုး ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိတိကျကျ ပြောနိုင်တာကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ စီးပွားရေးနဲ့ လူနေထိုင်မှု ပုံစံအပေါ် သက်ရောက်တာကလည်း အကြောင်းရင်းခံတစ်ရပ်လို့ ပြောနိုင်မယ် ထင်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly