ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ ၁ ဖွဲ့လုံး နုတ်ထွက်စာတင်သည့်ကိစ္စကို ပြန်စဉ်းစားမည်ဟုဆို  

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ ၁ ဖွဲ့လုံး နုတ်ထွက်စာတင်သည့်ကိစ္စကို ပြန်စဉ်းစားမည်ဟုဆို  
ဓာတ်ပုံစာ- ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များကို ၎င်းတို့၏ ဌာနချုပ် ဆုံဆည်းမြိုင်တွင် တွေ့ရစဉ်(မဇ္ဈိမ)
ရန်ကုန်၊ ဇန်နဝါရီ ၁၅  

 
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တစ်ဖွဲ့လုံး နုတ်ထွက်သည့်ကိစ္စနှင့်ပက်သက်၍ တပ်မတော်၏ တိုက်တွန်းမှုကြောင့် ပြန်စဉ်းစားရန်ဆုံးဖြတ်ခဲ့ကြောင်း BGF တပ်ဖွဲ့မှ ဗိုလ်မှူးနိုင်မောင်ဇော်ကပြောသည်။  

ရွှေကုက္ကိုမြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး BGF မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် ခေါင်းဆောင် (၃) ဦးကို နုတ်ထွက်ပေးရန် တပ်မတော်မှအကြောင်းကြားခဲ့ပြီးနောက် ဇန်နဝါရီ ၁၄ ရက်နေ့တွင် BGF တပ်ဖွဲ့တစ်ဖွဲ့လုံး နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်။  

ထို့ကြောင့် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ တပ်မတော်အရာရှိကြီးတစ်ဦး ခေါင်းဆောင်သောနေပြည်တော်စစ်ရုံးမှ တာဝန်ရှိသူအချို့သည် ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်သို့လာရောက် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။  

“ ၅၀၊ ၅၀ ပဲ။ စာတင်တဲ့အဖွဲ့ကိုပြန်စဉ်းစားပေးဖို့ပေါ့။ ဒါပြန်တိုင်ပင်ရဦးမယ်လေ ဒီအပေါ်မှာမှ ဘယ်လိုလုပ်သင့်သလဲဆိုတာ အတိအကျထွက်လာမှာပေါ့။ ကျွန်တော်တို့ကြောင့်နဲ့ ကျွန်တော်တို့ကရင်ပြည်နယ် အေးချမ်းတည်ငြိမ်မှုတော့ မပျက်စီးစေရပါဘူးနော်။ အဲ့တာလေးပြောချင်တယ်။ ပြည်သူလူထုတွေ ကလဲစိုးရိမ်နေတယ်လေ” ဟု ဗိုလ်မှူးနိုင်မောင်ဇော်ကပြောသည်။  

အဆိုပါဆွေးနွေးမှုတွင် BGF ခေါင်းဆောင် သုံးဦးအားနုတ်ထွက်ပေးရန် တပ်မတော်မှဖိအားပေးသည့်ကိစ္စကို ဆွေးနွေးခဲ့ခြင်းမရှိဘဲ ပြန်လည် တွေ့ဆုံဆွေးနွေးမည့် နေ့ရက်နှင့် အချိန်ကို သတ်မှတ်နိုင်ခဲ့ခြင်း မရှိကြောင်း နှင့် လက်တလောတွင် ပုံမှန်အခြေအနေအတိုင်းသာ ဆက်လက်လည်ပတ်နေကြောင်း ၎င်းကပြောသည်။  

ရွှေကုက္ကိုမြို့သစ် စီမံကိန်းနှင့်ပတ်သက်၍ လက်ရှိလုပ်ဆောင်ချက်များသည် တရားမဝင်ပါက မည်ကဲ့သို့ တရားဝင်လုပ်နိုင်မည်ဆိုသောနည်းလမ်းကိုပေးရန် တပ်မတော်ဘက်သို့ တင်ပြခဲ့ပြီး တပ်မတော်ဘက်မှလည်း BGF အောက်ခြေတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များအရေး၊ ဒေသခံတိုင်းရင်းသားများ၏ အရေးများကိုထည့်သွင်းစဉ်းစားရန်ပြောဆိုခဲ့ကြောင်းသိရသည်။  

အဆိုပါကိစ္စနှင့်ပတ်သက်၍ “ ဒါတွေနဲ့ပက်သက်ပြီး နားလည်မှုလွဲမှားတဲ့အတွက် အခုလိုဖြစ်ရတာဖြစ်တယ်။ အခုတော့ ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးဆောင်ရွက်လျှက်ရှိပါတယ်။ ကျွန်တော်တို့မြင်တာကတော့ အကောင်းဘက်ကိုပဲမျှော်လင့်ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။  

BGFအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့မှုများကိုလည်း အသိအမှတ်ပြုကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။ 

ရွှေကုက္ကိုလ်စီမံကိန်းတွင် ပါဝင်ပက်သက်ခဲ့သည့် တပ်မတော်မှ တပ်မမှူးအဆင့်ရှိသူ (၃) ဦးအပါအဝင် အရာရှိကြီးများကိုလည်း အရေးယူထားကြောင်း တပ်မတော်ဘက်မှသိရသည်။  

BGFမှဗိုလ်မှူးကြီးစောချစ်သူအနေဖြင့် ချစ်လင်းမြိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ရာထူးမှ လွန်ခဲ့သည့် ၁ နှစ်ကျော်ကပင် နုတ်ထွက်ထားပြီးဖြစ်သလို လက်ရှိတွင်စီးပွားရေး လုပ်ကိုင်နေခြင်းမရှိကြောင်း မဇ္ဈိမသို့ဖြေကြားထားသည်။  

ရွှေကုက္ကိုမြို့သစ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရသည်မှာ BGF တပ်ဖွဲ့ဝင်များ အင်အား ၈၀၀၀ ခန့်၏ စားဝတ်နေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း BGF ဘက်ကပြောဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly