တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ခရီးစဉ် မှတ်တမ်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ခရီးစဉ် မှတ်တမ်း

နေပြည်တော်သို့ရောက်ရှိခြင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လည် ၁ နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံခြင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး မန္တလေး-ကျောက်ဖြူ ရထားလမ်း စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ အပါအဝင် စာချုပ်အချို့ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊  ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

လက်မှတ်ရေးထိုးမှုစာလွှာများ

  • -    မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်၊ 
  • -    မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ၅ နှစ် ဖွံ့ဖြိုးမှုအစီအစဉ်၊ 
  • -    မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ 
  • -    ကျေးလက်လမ်းတံတား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ အစည်းအဝေး မှတ်တမ်းလွှာ၊ 
  • -    ကချင်ပြည်နယ် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် ငွေကြေးအထောက်အပံ့ ပေးအပ်ရေးစာလွှာနှင့် တရုတ်အတိုးမဲ့ချေးငွေဖြင့် ဝယ်ယူသည့် လူစီးရထားတွဲများဆိုင်ရာ စာလွှာများကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

ဆွေးနွေးမှုများ

  • -    မြန်မာ-တရုတ် “အေးအတူပူအမျှအသိုက်အဝန်း” ထူထောင်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်ကို နိုင်ငံတော်အဆင့် ခရီးစဉ်များ စီစဉ်သည့်အခါ လက်မှတ်ရေးထိုးသွားနိုင်သည့် အခြေအနေ၊ 
  • -    မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများနှင့် နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦ စီမံကိန်းများ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည် ဖော်နိုင်ရေး၊ 
  • -    ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြန်မာပြည်သူများအတွက် တရုတ်နိုင်ငံက ထောက်ပံ့သွားရေး၊ 
  • -    မြန်မာ-တရုတ်ယဉ်ကျေးမှု ခရီးသွားလာရေးနှစ် အခမ်းအနားများကို ၂၀၂၁ ခုနှစ်တွင် ဆက်လက်ကျင်းပနိုင်ရေး၊ 
  • -    နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေး၊ 
  • -    ဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာတို့တွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး 
  • -    ယင်းအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လာမည့်အစိုးရသက်တမ်းတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက်အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဆက်လက်၍ အပြုသဘောကူညီပံ့ပိုးပေးသွားရေး ကိစ္စရပ်တို့ကို ဆွေးနွေးပြောကြားခဲ့ကြသည် ။ 

Photo - AFP

နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခြင်း 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့်အဖွဲ့အား ဇန်နဝါရီ ၁၁ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည် ။ 

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသန့်စင်မောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည် ။ 

နိုင်ငံတော်သမ္မတနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ တွေ့ဆုံစဉ် ယွမ် ၃ သန်း တန်ဖိုးရှိ COVID-19 ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဆေးပစ္စည်းများနှင့် COVID-19 ရောဂါ ကာကွယ်ဆေး အလုံး ၃ သိန်း မြန်မာနိုင်ငံသို့ ကူညီပံ့ပိုးသွားရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် နှစ်နိုင်ငံ ယဉ်ကျေးမှု ခရီးသွားနှစ် အကောင်အထည်ဖော်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆက်လက် ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ ဆက်လက် အကောင်အထည် ဖော်သွားရေးတို့ကိုလည်း  ဆွေးနွေးကြကြောင်း သိရသည်။

တပ်ချုပ်နှင့် တွေ့ဆုံခြင်း 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ ဇန်နဝါရီ ၁၂ ရက်နေ့တွင်  နေပြည်‌တော်ရှိ ဇေယျာသီရိဗိမာန်၌ တွေ့ဆုံခဲ့သည် ။ 
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  H.E. Mr. Qian Keming၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wu Jianghao နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ဆွေးနွေးမှုများ

  • -    ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိတ်ဆွေကောင်း၊ အိမ်နီးချင်း ကောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ကာ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်နိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ 
  • -    ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ လာရောက် ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi  Jinping ၏ ခရီးစဉ်တွင် နှစ်ဖက်သဘော တူညီချက်များအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများ၊ 
  • -    နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရာတွင် လိုအပ်သည်များကို အပြန်အလှန် ထောက်ပံ့ကူညီခြင်းသည် အရေးကြီးသည့်အခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် ပတ်သက်သည့်ကဏ္ဍများ၌လည်း အဓိကပူးပေါင်း၍ စွမ်းရည်မြှင့်တင်ပေးမည့်ကိစ္စရပ်များ၊ 
  • -    တရုတ်နိုင်ငံတွင် COVID-19  ရောဂါစတင် ဖြစ်ပွားသည့် ကာလအတွင်း မြန်မာ့တပ်မတော်မှ တရုတ်နိုင်ငံသို့ ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လျင်မြန်စွာ ပေးပို့လှူဒါန်းခဲ့သည့် အခြေအနေများနှင့် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှလည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များစေလွှတ်၍ ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများလှူဒါန်းကာ အပြန်အလှန် ကူညီဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ 
  • -    လက်ရှိတွင်လည်း မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့်တိုက်ဖျက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ဆက်လက်ကူညီပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် COVID-19 ရောဂါ ကာကွယ်ဆေး အလုံး ၃ သိန်းကူညီပေးသွား မည့်အခြေအနေများ၊ 
  • -    တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံးဖြိုးတိုးတက်ရေးတို့ လိုအပ်မှုနှင့် မြန်မာ့တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် အဓိကတာဝန်ယူဆောင်ရွက် နေသည့်အခြေအနေနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ 
  • -    တည်ငြိမ်အေးချမ်းမှုရှိမှသာလျင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်မှအကြမ်းဖက် ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နေရာများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ရပ်ဆိုင်းပေးခဲ့သည့် အခြေအနေများ
  • -    ထာ၀ရငြိမ်းချမ်းရေးရရှိရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ 
  • -    ဘင်္ဂလားဒေရှ့်နိုင်ငံတွင်ရောက်ရှိနေသည့် နေရပ်စွန့်ခွာနေသူများနှင့် ပတ်သက်၍ မြန်မာ-တရုတ်-ဘင်္ဂလားဒေရှ့် သုံးနိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်မည့်အခြေအနေများ။
  • -    ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည့်အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရာ၌ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးသည် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်ကြောင်းနှင့် ပြုလုပ်ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ မဲစာရင်းများနှင့် ပတ်သက်၍ အမှားအယွင်း များရှိခဲ့ပြီး မဲမသမာမှုများရှိနိုင်သဖြင့် မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ တပ်မတော်မှ ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စည်းကမ်း၊ ဥပဒေများ အတိုင်း ဒီမိုကရေစီမယိမ်းယိုင်အောင် ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ 
  • -    နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်ပေါင်းစုံမှ စီမံကိန်းများသည် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ပူးပေါင်းဆောင်ရွက်မှုများအောင်မြင်စေရေး တပ်မတော်မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့်တွေ့ဆုံခြင်း 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့သည် ဇန်နဝါရီ ၁၁ ၇က်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ- တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် တရုတ်နိုင်ငံမှ အပြုသဘောကူညီသွားရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ များကိစ္စနှင့် ပြည်နယ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် ဆက်လက်၍ နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည် ။

Reference Link 
https://www.moi.gov.mm/npe/pnnytheaangcuwnkii-uukeaattngchenng-ttruttpnn...
https://news-eleven.com/article/202007?fbclid=IwAR2W-qpKbZqd7pSpbo8r9xAb...
https://news-eleven.com/article/202004?fbclid=IwAR2q-xZyaBu9Fq9OmOY34W6J...
https://myanmar.gov.mm/news-media/news/latest-news/-
http://burmese.dvb.no/archives/433831
http://dsinfo.org/node/859
မဇ္ဈိမသုတေသနအဖွဲ့က ပြုစုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required