အင်ဒို-ပစိဖိတ် စီးပွားရေးဇုန်စီမံကိန်းမှ ထိုင်း ITD ဆောက်လုပ်ရေးကုမ္ပဏီအား မြန်မာ ဖယ်ရှား 

အင်ဒို-ပစိဖိတ် စီးပွားရေးဇုန်စီမံကိန်းမှ ထိုင်း ITD ဆောက်လုပ်ရေးကုမ္ပဏီအား မြန်မာ ဖယ်ရှား 

ဇန်နဝါရီ ၁၃  

ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၌ ထိုင်းဆောက်လုပ်ရေးကုမ္ပဏီ အီတာလျံ-ထိုင်းဖွံ့ဖြိုးတိုးတက်မှု  (ITD) ၏ ဝန်ဆောင်မှုများ မလိုအပ်တော့ကြောင်း မြန်မာအစိုးရက ပြောလိုက်ကြောင်း သိရသည်။  

ထားဝယ်စီမံကိန်းသည် မြန်မာနှင့်ထိုင်းအစိုးရ၏ ပူးတွဲစီမံကိန်းတစ်ခုဖြစ်ပြီး ဘန်ကောက်အနောက်ပိုင်းသို့ ပင်လယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရန် မျှော်မှန်းထားခြင်းဖြစ်ကာ ထိုင်းစီးပွားလုပ်ငန်းများအနေဖြင့် မလက္ကာရေလက်ကြားကို ဖြတ်သန်းစရာမလိုဘဲ အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိနိုင်ရန် အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။  

ဒေသ၏ အထင်ရှားဆုံး ကုန်သွယ်ရေးအချက်အခြာတစ်ခုကို ဖန်တီးရန်အတွက် ဂျပန်ကလည်း ၎င်းစီမံကိန်းတွင် ပါဝင်ထားသည်။ 

သို့သော် ထိုင်းကုမ္ပဏီအနေဖြင့် ရန်ပုံငွေရရှိရန်အခက်အခဲများရှိနေခြင်းကြောင့်လည်း လုပ်ငန်းတိုးတက်မှုများတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိနေခဲ့သည်။  

မြန်မာအစိုးရဘက်မှ သဘောတူညီချက် အဆုံးသတ်ပြီဟု အကြောင်းကြားခဲ့ကြောင်း ITD ကုမ္ပဏီက အင်္ဂါနေ့၌ ပြောသည်။  ITD သည် ထားဝယ်စီမံကိန်းနှင့်သက်ဆိုင်သော လုပ်ပိုင်ခွင့်အခကြေးငွေကို ပေးဆောင်ရန် ပျက်ကွက်ကြောင်း မြန်မာအာဏာပိုင်များက ပြောထားသည်။ 

မြန်မာအစိုးရသည် ITD ကုမ္ပဏီအား ဖယ်ရှားခြင်းဖြင့် မသေချာမရေရာမှုများကို ရှင်းလင်းရန် မျှော်လင့်ထားဖွယ်ရှိပြီး ကာလရှည်ကြာရပ်တန့်နေသော စီမံကိန်းအတွက် တခြားနိုင်ငံခြားကုမ္ပဏီများကို ဖိတ်ခေါ်သွားဖွယ်ရှိသည်။  

ITD သည် စာချုပ်အဆုံးသတ်ကြောင်း အကြောင်းကြားစာကို ဒီဇင်ဘာ ၃၀ ရက်က လက်ခံရရှိခဲ့သည်။ ကုမ္ပဏီသည် တနင်္လာနေ့က ဘုတ်အဖွဲ့အစည်းအဝေးကျင်းပခဲ့ပြီး ၎င်းဆုံးဖြတ်ချက်အား ငြင်းဆိုရန် ဆုံးဖြတ်ခဲ့သည်။  

ကပ္ပလီပင်လယ်ကမ်းရိုးတန်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်သည် စတုရန်းကီလိုမီတာ ၂၀၀ ကျယ်ဝန်းသည်။ ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ပထမအဆင့် တစ်စိတ်တစ်ပိုင်းအနေဖြင့် ITD ကုမ္ပဏီက ဆိပ်ကမ်းငယ်တစ်ခု၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် လမ်းများပါဝင်သော စက်မှုဇုန်တစ်ခုတည်ဆောက်ရန် ၂၀၁၅ ခုနှစ်က စာချုပ်, ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် မြန်မာအစိုးရက ကုမ္ပဏီ၏လုပ်ငန်းစဉ်တိုးတက်မှုမရှိခြင်းအပေါ် ကျေနပ်မှုမရှိကြောင်း ထပ်တလဲလဲ ပြောဆိုခဲ့ပြီး  ဂျပန်နှင့် တခြားမိတ်ဖက်များနှင့်အတူ တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုးတိုးတက်မှု ပထမအဆင့်နှင့် ဒုတိယအဆင့်နှစ်ခုစလုံးကို ကိုင်တွယ်ရန် စိတ်အားထက်သန်ခဲ့သည်။  

ဂျပန်သည် စီမံကိန်းကို ပူးပေါင်းရန်အတွက် ၂၀၁၅ ခုနှစ်တွင် မြန်မာ၊ ထိုင်းတို့နှင့် သဘောတူညီတစ်ရပ် လက်မှတ်ရေးထိုးခဲ့ကာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ဂျပန်ဘဏ်မှတစ်ဆင့် ထားဝယ်စီမံကိန်းကို ငွေကြေးထောက်ပံ့ခဲ့သည်။ သို့သော် ဂျပန်သည် ကနဦးအဆင့် မပြီးမချင်း ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၌ တက်ကြွသောကဏ္ဍမှ ပါဝင်မည်မဟုတ်ပေ။ ဂျပန်သည် လေ့လာသူအဖြစ် ရှိနေမည့်အစား စီမံကိန်းနှင့်ပတ်သက်သော အစိုးရများအကြားဆွေးနွေးမှုများတွင် ပါဝင်ရန် နိုဝင်ဘာလကမှ ဆုံးဖြတ်ခဲ့သည်။  

ထားဝယ်၌ ရေနံချက်စက်ရုံများနှင့် ဆက်စပ်သော အခြေခံအဆောက်အအုံများ တည်ဆောက်ရေးကို  တရုတ်အစိုးရပိုင်ကုမ္ပဏီများကလည်း စိတ်ဝင်စားမှုများရှိနေကြောင်း မြန်မာသတင်းရင်းမြစ်များမှ သိရသည်။  

ဆွေးနွေးပွဲများတွင်ပါဝင်ရန် ဂျပန်၏ ဆုံးဖြတ်ချက်သည်  စီးပွားရေးဇုန်ပေါ် တရုတ်လွှမ်းမိုးမှုကို တန်ပြန်လိုသော ဆန္ဒကြောင့်လည်း ဖြစ်နိုင်သည်ဟု ယုံကြည်ရသည်။  

မြန်မာနိုင်ငံတွင် ရန်ကုန်အနီး၌ ဂျပန်နိုင်ငံ၏ အများပိုင်နှင့်ပုဂ္ဂလိကကဏ္ဍများနှင့် ပူးပေါင်းလုပ်ဆောင်သော သီလဝါအထူးစီးပွားရေးဇုန်နှင့် တရုတ်ကျောထောက်နောက်ခံပြု အိန္ဒိယသမုဒ္ဒရာရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဟူ၍ အထူးစီးပွားရေးဇုန် နှစ်ခုရှိသည်။ သီလဝါအထူးစီးပွားရေးဇုန်သာလျှင် ၂၀၁၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly