ထိုင်ဝမ်သွားတဲ့ သံတမန်တွေအပေါ် ကန့်သတ်ထားမှုရုပ်သိမ်းဖို့ အမေရိကရဲ့ဆုံးဖြတ်ချက်ကို တရုတ်ပြစ်တင်ရှုတ်ချ လက်တုံ့ပြန်ဖို့ ကြိမ်းဝါး

 ထိုင်ဝမ်သွားတဲ့ သံတမန်တွေအပေါ် ကန့်သတ်ထားမှုရုပ်သိမ်းဖို့ အမေရိကရဲ့ဆုံးဖြတ်ချက်ကို တရုတ်ပြစ်တင်ရှုတ်ချ လက်တုံ့ပြန်ဖို့ ကြိမ်းဝါး

ဇန်နဝါရီလ ၁၃ ၊ ၂၀၂၁

ထိုင်ဝမ်ကို သွားရောက်လည်ပတ်မည့် အမေရိကန် အရာရှိများအပေါ် ကန့်သတ်မှုများ‌ ရုတ်သိမ်းရန် အမေရိကန်ပြည်ထောင်စု၏ ဆုံးဖြတ်ချက်ကို တရုတ်က တနင်္လာနေ့မှာ အပြင်းအထန် ရှုတ်ချလိုက်ပြီး သူ့ အကျိုးစီးပွားများကို ဖျက်စီးမည့် မည်သည့် ကြိုးပမ်းမှုကိုမဆို ပေကျင်းအနေဖြင့် ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောသည်။
 
“ အမေရိကန်ရဲ့ လှုပ်ရှားမှုကို တရုတ်က ပယ်ချပြီး ရှုတ်ချပါတယ်။ ကမ္ဘာမှာ တရုတ်က တစ်ခုပဲရှိတာပါ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက တရုတ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော တရားဝင်အစိုးရပါ။ ထိုင်ဝမ်ဟာ တရုတ်ပိုင်နက်ရဲ့ ခွဲထုတ်မရတဲ့ တစ်စိတ်တစ်ဒေသပါ။ ဒါက နိုင်ငံတကာ အသိုင်းအဝိုင်းက အသိပြုထားတဲ့ အချက်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးမှ အခြေခံစံနှုန်းပါ”ဟု တရုတ်နိုင်ငံခြားရေးဝင်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပြောကြားခဲ့သည်။

စနေနေ့တွင် ထုတ်ပြန်သော ကြေငြာချက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပွမ်ပီအိုက အမှုဆောင်ဌာနခွဲ အေဂျင်စီများသည် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အပ်နှင်းထားသော အာဏာပိုင်များလက်အောက်တွင် ဝန်ကြီးဌာနမှ ယခင်ကထုတ်ပေးခဲ့သော ထိုင်ဝမ်နှင့် ဆက်ဆံရေးနှင့်ပတ်သက်သော “ဆက်သွယ်ရေးလမ်းညွှန်ချက်များ” အားလုံးသည် “တရားမဝင်တော့ပဲ ပျက်ပြယ်ပြီ”ဖြစ်ကြောင်း မှတ်ယူရမည်ဟု ပြောကြားခဲ့သည်။

သူ၏ ကြေငြာချက်တွင် အမေရိကန်အစိုးရသည် ‘ပေကျင်းရှိ ကွန်မြူနစ်အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှု’အနေဖြင့် ထိုင်ဝမ်နှင့် ဆက်သွယ်မှု တင်းကြပ်မှု လုပ်ဆောင်ခြင်းများအား ပြုလုပ်ခဲ့သည်ဟု ပွမ်ပီအိုက ပြောခဲ့သည်။

နှစ်ဖက်သည် ဆယ်စုနှစ် ခုနှစ်ခုကျော် သီးခြားအုပ်ချုပ်နေလာကြသော်လည်း တရုတ်သည် ပြည်မကြီး၏ အရှေ့တောင်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည့် လူဦးရေ ၂၄ သန်းခန့်ရှိသော ဒီမိုကရေစီနိုင်ငံ ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာ အပြည့်ရှိသည်ဟု ဆိုထားသည်။
 
တစ်ဖက်တွင် တိုင်ပေသည် ပေကျင်းမှ ထပ်ခါထပ်ခါ ဆန့်ကျင်လျက်ရှိသော အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးများ တိုးမြှင့်ခြင်းအားဖြင့် တရုတ်၏ ကျူးကျော်မှုကို တန်ပြန်နိုင်ခဲ့သည်။

ထိုင်ဝမ်အရေးကို တရုတ်-အမေရိကန် ဆက်ဆံရေး၏ အချက်အချာတွင် အရေးကြီးဆုံးနှင့် အထိခိုက်မခံသောကိစ္စဟုခေါ်ဆိုလိုက်ပြီး ကျောက်လိကျန်းက အမေရိကန်ဘက်အား  တရုတ်တစ်နိုင်ငံ စည်းမျဉ်းနှင့် တရုတ် - အမေရိကန် ပူးတွဲကြေညာချက်ကို လိုက်နာရန်နှင့် ထိုင်ဝမ်နှင့် ဆက်ဆံရေးတိုးမြှင့်ခြင်းကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

“ပွမ်ပီအိုနဲ့ သူ့လူတွေကို သမိုင်းကြောင်း လမ်းကြောင်းကို အသိအမှတ်ပြုဖို့၊ ထိုင်ဝမ်နဲ့ ပတ်သတ်တဲ့ အရေးတွေကို ကြိုးကိုင်ခြယ်လှယ်တာကို ရပ်တန့်ဖို့၊ နောက်ပြန်ဆွဲနေတဲ့ လုပ်ရပ်တွေ ရပ်တန့်ဖို့နဲ့ အန္တရာယ်ရှိတဲ့ လမ်းမှားကို ဆက်မလျောက်ဖို့ အကြံပေးချင်တယ်၊ မဟုတ်ရင် သမိုင်းက ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်”ဟု သူကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required