ယူနီဖောင်းချွတ်ရန် အစီအစဉ် မရှိသေးဟု ဗိုလ်မှူးကြီးစောချစ်သူပြော

ယူနီဖောင်းချွတ်ရန် အစီအစဉ် မရှိသေးဟု ဗိုလ်မှူးကြီးစောချစ်သူပြော
ပုံ - ဗိုလ်မှူးကြီး စောချစ်သူ (ပုံ- သူရ /မဇ္ဈိမ)

ဇန်နဝါရီ ၁၂

စီးပွားရေးလုပ်မည်ဆိုပါက တပ်မတော်ကနေ နှုတ်ထွက်ရမည်ဖြစ်ကြောင်း တပ်မတော်၏ နှုတ်ထွက်စာ တင်ခိုင်း သည့် အခြေအနေနှင့်ပတ်သက်ပြီး ယူနီဖောင်းချွတ်ရန် အစီအစဉ် မရှိသေးဘူးဟု ကရင်ပြည်နယ် နယ်ခြား စောင့်တပ်(BGF)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက မဇ္ဈိမသို့ ပြောသည်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် တပ်နယ် ၄ တပ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန်၊ တပ်မှူး တစ်ဦးတို့ကို တပ်မတော်က နှုတ်ထွက် စာ တင်ရန် ပြောထားသည်။

အဆိုပါ နှုတ်ထွက်စာ တင်ခိုင်းသည့် အခြေအနေမှာ ရွှေကုက္ကိုမြို့သစ် စီမံကိန်းနှင့်ပတ်သက်ပြီး ပြည်တွင်း ဝေဖန်မှုများ မြင့်လာသည့်အတွက် BGF ပါဝင် ပတ်သက်နေခြင်းကြောင့် စီးပွားရေးလုပ်လိုပါက တပ်မတော်က နှုတ်ထွက်ရန် တပ်မတော်က ပြောလာခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးစောချစ်သူက “ ဟုတ်တယ်၊ စာတော့ တင်ခိုင်းတယ်၊သူပြောတာက စီးပွားရေးလုပ်ရင်တော့ ယူနီဖောင်း ကျွတ်တဲ့ အဲလိုတော့ ပြောတာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဒီလက်အောက်ငယ် သားတွေရော အများကြီးရှိသေးတယ်လေ။ ကျွန်တော်လည်း စီးပွားရေးနဲ့ ပတ်သက်ပြီး သိပ်ပြီးတော့ မလုပ် တတ်ပါဘူး။ အဲလောက်လည်း နားမလည်ပါဘူး။ လွန်ခဲ့တဲ့ ရက်က အထက်က နှုတ်ထွက်စာကို လာပြီးတော့ လက်မှတ်ထိုးခိုင်းတာပေါ့နော်။ အခုက အချိန်စောပါသေးတယ်။ အခု ကျွန်တော်ထွက်စာတော့ မတင်သေးဘူး၊ ထွက်ဖို့လည်း ကျွန်တော် မဆုံးဖြတ်သေးဘူး”ဟု ပြောသည်။

ပုံ - BGF တပ်ဖွဲ့ဝင်များ နှစ်ပတ်လည်း အခမ်းအနား ကျင်းပနေစဉ် (ပုံ- သူရ /မဇ္ဈိမ)

မိမိ နှုတ်ထွက်ပါက ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)၏ တပ်နယ် ၁၊ ၂၊ ၃၊ ၄ ရှိ တပ်ဖွဲ့အားလုံး ထွက် လာနိုင်သည့်အတွက် အချိန်တစ်ခုပေးရန်၊ မိမိတို့ လက်အောက်ငယ်သားများနှင့် ခေါင်းဆောင်များကြား ဆွေး နွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိမှာတော့ တပ်မတော်က နှုတ်ထွက်စာ တင်ရန် ပြောလာသည့် သုံးဦးအနက် BGF တပ်နယ် ၄ တပ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သုန်က ဇန်နဝါရီ ၈ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ နှုတ်ထွက် စာတင်ခဲ့သည်။ ဗိုလ်မှူးကြီးစောချစ်သူနှင့် နောက်ထပ် တပ်မှူး တစ်ဦးကတော့ မတင်ရသေးကြောင်း သိရသည်။

ဗိုလ်မှူးကြီးစောချစ်သူက “ကျွန်တော်ကတော့ ထွက်စာတော့ မတင် သေးဘူး၊ ကျွန်တော်ပြောရဲတာကတော့ ကျွန်တော်တို့ အကြံပေး အဖွဲ့တင် မကပဲ တပ်နယ် ၁၊ ၂၊ ၃၊ ၄ ပါ ကျွန်တော်ထွက်စာတင်မယ်ဆိုရင် ကျွန်တော် တို့ နောက်မှာ အားလုံး ပါသွားမှာ အဲဒါကိုလည်း ကျွန်တော် ပြန်ကြည့်ရမှာ။ ကျွန်တော့်ကို ကာလ တစ်ခု အနေ နဲ့ ကျွန်တော့်ကို အချိန် နည်းနည်းပေးပါလို့ ၊ ကျွန်တော် လက်အောက်ငယ် သွားတွေ အများ ကြီးရှိပါတယ်၊ ကျွန်တော်တို့ BGF ရဲ့ တပ်ဖွဲ့ဝင်ရော၊ တပ်နယ်ရော ပေါင်းရင် ၈၀၀၀ ဦးလောက် ရှိပါသေး တယ်”ဟု ပြော သည်။

ပုံ - နှုတ်ထွက်သွားသည့် ဗိုလ်မှူးမုတ်သုန် (ပုံ- သူရ /မဇ္ဈိမ)

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ တစ်ဦးက တပ်မတော်သည် BGF တပ်ဖွဲ့ဝင်များ ကိစ္စ ကိုင်တွယ် ဖြေ ရှင်းပုံမှာ နည်းလမ်းသိပ်မကျဘဲ ဖြစ်နေကြောင်း၊ ကိုင်တွယ် ဖြေရှင်းပုံမတတ်ပါက ဆိုးကျိုးများ ဖြစ်လာနိုင် ကြောင်း ပြောသည်။

“ ကိုင်တွယ်ပုံက နည်းနည်းလွဲနေတယ်၊ အတင်းသွားနှုတ်ထွက်ခိုင်းရင် ဘယ်အဆင်ပြေပါ့မလဲ၊ သူလက် အောက်ငယ်သားတွေလည်းရှိသေးတယ်။ ကရင် KNU နဲ့ကလည်း အခု ငြိမ်းချမ်းရေးက သိပ်အဆင်ပြေလှ တာ မဟုတ်သေးဘူး၊ တစ်ဖွဲ့ဖွဲ့နဲ့ ပေါင်းသွားရန် ဘယ်လိုလုပ်မလဲ။ စီးပွားရေးလုပ်လို့ဆိုရင် တပ်မတော်ထဲမှာရော မလုပ်ဘူးလား မေးစရာဖြစ်သွားမယ်လေ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မိမိ အနေဖြင့် ချစ်လင်းမြိုင်ကုမ္ပဏီကနေ ဥက္ကဋ္ဌ ရာထူးကို လွန်ခဲ့သည့် ၁ နှစ်ကျော် ၂ နှစ်ကတည်း က နှုတ်ထွက်ထားပြီးဖြစ်သလို BGF တပ်နယ် ၁၊ ၂၊ ၃၊ ၄ တို့ကိုသာ ကြီးကြပ်ကွပ်ကဲမှုသာ ပြုလုပ်နေပြီး စီးပွား ရေး လုပ်ကိုင်ခြင်းမရှိကြောင်း ပြောသည်။

ပုံ - ကရင်ပြည်နယ်အတွင်းက ရွှေကုက္ကိုမြို့သစ်စီမံကိန်း (ပုံ- သူရ /မဇ္ဈိမ)

ရွှေကုက္ကိုမြို့သစ် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းကလည်း မိမိတို့၏ BGF တပ်ဖွဲ့ဝင်များထဲ မှာ ၇၀၀ ဦးသည် ခြေပြတ်၊လက်ပြတ်များရှိနေသလို တပ်နယ် ၁၊ ၂၊ ၃၊ ၄ အင်အား ၈၀၀၀ ဦးလောက် ရှိသည့် အတွက် စားဝတ်နေရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး စောချစ်သူက ပြောသည်။

ဗိုလ်မှူးကြီးစောချစ်သူ ဦးအောင်နေသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)သည် ၂၀၁၀ ခုနှစ်က လက်ရှိ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ထိုးထားသည် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်ဖွဲ့(DKBA)ကနေ ခွဲထွက်ကာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သော တပ်ဖွဲ့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly