သိပ္ပံက တီထွင်ပေးသည်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကရော မျှော်လင့်ချက် ဖြည့်ဆည်းပေးနိုင်မည်လား

သိပ္ပံက တီထွင်ပေးသည်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကရော မျှော်လင့်ချက် ဖြည့်ဆည်းပေးနိုင်မည်လား
Member state of the World Trade Organization (WTO); dark green: member; light green: member of the EU and thus member; blue: observer; gray: no official Interaction with the WTO. Photo: Wikipedia

အိန္ဒိယ၊ တောင်အာဖရိနှင့် တခြားအဖွဲ့ဝင်များမှ TRIPS waiver အဆိုပြုချက်

Brajendra Navnit (WTO ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် အမြဲတမ်းကိုယ်စားလှယ်)

ကမ္ဘာကုန်သွယ်ရေးအဖွဲ့ (WTO) ၏ TRIPS ဟု လူသိများသော၊ ဉာဏပစ္စည်းဆိုင်ရာ ရပိုင်ခွင့်များ၏ ကုန်သွယ်ရေးနှင့် သက်ဆိုင်သော ကြင်အင်လက္ခဏာဆိုင်ရာ သဘောတူညီချက်(Trade-Related Aspects of Intellectual Property Rights) ၏ အောက်တွင်ရှိသည့် တချို့မူပိုင်ခွင့်များနှင့် အခြားသောဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များနှင့် ပတ်သတ်၍၊ အဖွဲ့ဝင်နိုင်ငံများကို သတ်မှတ်ထားသော အချိန်အတိုင်းအတာတစ်ရပ်အတွင်း ကင်းလွတ်ခွင့်ပေးရန် အိန္ဒိယ၊ တောင်အာဖရိနှင့် တခြားနိုင်ငံရှစ်နိုင်ငံတို့မှ အဆိုပြုချက် တစ်ခုကို တင်သွင်းတောင်းဆိုကြပါသည်။ ဉာဏပစ္စည်းဆိုင်ရာ ရပိုင်ခွင့်များ (IPR)က COVID-19 ကာကွယ်ဆေးများ လျင်မြန်စွာတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်၊ ကန့်သတ်မှု မရှိစေရန် ဖြစ်ပါသည်။ အဆိုပြုချက်နှင့် ပတ်သက်၍ အဖွဲ့ဝင်အနည်းငယ်က စိုးရိမ်ပူပန်မှုများရှိခဲ့သော်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) အဖွဲ့ဝင် တော်တော်များများက ထောက်ခံကြသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံစုံအဖွဲ့အစည်းများနှင့်ကမ္ဘာလုံးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းများ၏ ထောက်ခံအားပေးမှုကိုလည်း ရရှိထားပါသည်။

မကြုံစဖူးသောအခြေအနေများဖြစ်သည့်အတွက် ရှေးရိုးမဆန်သည့် လုပ်ထုံးလုပ်နည်းများ လိုအပ်ပါသည်။ ဤအချက်ကို၊ ရောဂါ ကူးစက်ပျံ့နှံ့မှုကိုတားဆီးရန်အတွက် ကန့်သတ်ထားသည့်အချိန်ကာလတစ်ခုအတွင်း တင်းကျပ်စွာ လော့ဂ်ဒေါင်းချထားကြောင့်ဖြစ်သည့် အကျိုးသက်ရောက်မှုများကိုကြည့်၍ သိနိုင်ပါသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏အောက်တိုဘာ ၂၀၂၀ ကမ္ဘာ့စီးပွားရေးအလားအလာထုတ်ပြန်ချက်တွင် “….. ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာရလဒ်များမှာ ခန့်မှန်းထားသည်ထက်ပင် ပို၍ဆိုးရွားနိုင်ခြေ များနေဆဲဖြစ်သည်။ အကယ်၍ ဗိုင်းရပ်စ်ပိုးကူးစက်မှုသာ ပြန်လည်များပြားလာပါက၊ ကုသမှုနှင့်ကာကွယ်ဆေးများ တိုးတက်မှုသည် မျှော်လင့်ထားသည့်ထက် နှေးကွေးပါက၊ သို့မဟုတ် နိုင်ငံများအနေဖြင့် ကာကွယ်ဆေးကို လက်လှမ်းမီမမီနှင့် ပတ်သတ်၍ မညီမျှမှုများရှိနေပါက၊ ထပ်မံပြဌာန်းတင်းကြပ်မည့် social distancing နှင့် လော့ဂ်ဒေါင်းများကြောင့် စီးပွားရေးလုပ်ငန်းဆောင်တာများမှာ မျှော်မှန်းထားသည်ထက် ထိခိုက်နိုင်ပါသည်။” အခြေအနေမှာ ခန့်မှန်းထားခဲ့သည်ထက်ပင် ဆိုးရွားပုံပေါ်ပြီး စီးပွားရေးရလဒ်၏ ၇ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပြီးဖြစ်ပါသည်။ ယင်းသည် ကမ္ဘာ့ဂျီဒီပီ၏ အမေရိကန်ဒေါ်လာ ၆ ထရီလီယံကျော် ဆုံးရှုံးမှုဖြစ်ပါသည်။ ကမ္ဘာ့ဂျီဒီပီ၏ ၁% တိုးတက်မှုသည်ပင်လျှင် ကမ္ဘာလုံးဆိုင်ရာ ရလဒ်တွင် အမေရိကန်ဒေါ်လာဘီလီယံ ၈၀ဝ ကျော် တိုးလာလိမ့်မည်ဖြစ်ပြီး၊ waiver ကြောင့် အမှာစာများလျော့ကျသွားမည့်စီးပွားရေးကဏ္ဍတစ်ခု၏ ဆုံးရှုံးမှုကို အတိုင်းတာတစ်ခုထိ ခုသာခံသာ ဖြစ်စေမည်ဖြစ်သည်။

ကာကွယ်ဆေးနှင့် ကုသမှုများကို အချိန်ကိုက်နှင့် လွယ်လင့်တကူရရှိနိုင်လိမ့်မည်ဟု အချက်ပြရုံမျှဖြင့် စီးပွားရေးတွင် ဝယ်လိုအားပြန်လည်ရှင်သန်ရန်အတွက်ကြီးမားသော ယုံကြည်မှုကိုမြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ပါသည်။ အောင်မြင်သောကာကွယ်ဆေးများ ပေါ်ပေါက်လာသည်နှင့်အမျှ မျှော်လင့်ချက်ရောင်ခြည်များ သန်းလျက်ရှိပါသည်။ သို့သော် ကမ္ဘာသူကမ္ဘာသားများအတွက် အလွယ်တကူဝယ်ယူရရှိနိုင်ပြီး လူတိုင်းတတ်နိုင်သည့်ဈေးနှုန်းဖြင့်ရရှိအောင် မည်သို့ဆောင်ရွက်ကြမည်နည်း။ အခြေခံကျသည့် မေးခွန်းမှာ Covid-19 ကာကွယ်ဆေးများလုံလုံလောက်လောက်ရရှိနိုင်ခြင်းရှိမရှိဆိုသည်ပင်ဖြစ်ပါသည်။ လက်တွေ့အခြေအနေများအရဆိုလျှင် အကောင်းမြင်ကြည့်လျှင်ပင် ချမ်းသာသော နိုင်ငံများသာမက ဆင်းရဲသောနိုင်ငံများမှလူ အများစုမှာ ၂၀၂၁ ခုနှစ်အကုန်တွင် Covid-19 ကာကွယ်ဆေးနှင့်ကုသမှုများကို လက်လှမ်းမမီနိုင်သေးပေ။ တစ်ကမ္ဘာလုံးဆိုင်ရာလိုအပ်ချက်များ ကိုဖြည့်ဆည်းနိုင်ရန်အတွက် ကုသမှုများနှင့် ကာကွယ်ဆေးများ ထုတ်လုပ်နိုင်မှု စွမ်းရည်ကိုတိုးမြှင့်ပေးရန်အရေးတကြီးလိုအပ်နေကြောင်းကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် အားလုံးက တညီတညွတ်လည်း သဘောတူထားကြပါသည်။ TRIPS Waiver အဆိုပြုချက်သည် ဤလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက်ရည်ရွယ်ခြင်းဖြစ်ပြီး၊ ကာကွယ်ဆေးများ ထုတ်လုပ်မှု စွမ်းရည်ကို တိုးမြှင့်နိုင်ရေးကိစ္စတွင် ဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့် အတားအဆီးများရှိမနေစေရန် ဖြစ်သည်။

TRIPS သဘောတူညီချက်အောက်တွင် နဂိုရှိပြီးသား ပြောင်းလွယ်ပြင်လွယ်ဖြစ်မှု (flexibilities)များ အဘယ်ကြောင့် မလုံလောက်ရပါသနည်း။

TRIPS သည် ကပ်ရောဂါများကို ရင်ဆိုင်ရန် ဦးတည်ရေးဆွဲဒီဇိုင်းဆင်ထားခြင်းမဟုတ်သည့်အတွက် TRIPS သဘောတူစာချုပ်အရ လက်ရှိဖြေလျော့မှုများသည် ပြည့်စုံ လုံလောက်မှုမရှိပေ။ လိုင်စင်များကို နိုင်ငံတစ်နိုင်ငံချင်းအလိုက်၊ ကိစ္စရပတစ်ခုချင်းအလိုက်၊ ထုတ်ကုန်ချင်းအလိုက် ထုတ်ပေးလေ့ရှိပြီး၊ ညာဏပစ္စည်းဆိုင်ရာ တရားစီရင်ပိုင်ခွင့်တိုင်းနှင့် ပတ်သတ်၍ ကိစ္စရပ်အလိုက် သီးခြားစီ လိုင်စင်ထုတ်ပေးခြင်းဖြစ်သည့်အတွက် နိုင်ငံများအကြား တစ်သားထဲဖြစ်အောင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို အလွန်အမင်း အခက်အခဲဖြစ်စေပါသည်။ TRIPS ၏ ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုဘောင်အတွင်း လုပ်ဆောင်ရေးကို ကျွန်ုပ်တို့က အားပေးသော်လည်း၊ အချိန်ပိုကြာခြင်းနှင့် အကောင်ထည်ဖော်နိုင်ရေး အခြားအခက်အခဲများလည်းရှိနေသည်။ ထို့ကြောင့်၊ TRIPS ၏ ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုဘောင်တစ်ခုတည်းကိုသာ အသုံးပြုမည်ဆိုပါက အများပြည်သူ တတ်နိုင်မည့် ကာကွယ်ဆေးများနှင့်ကုသမှုများကို အချိန်မီ ရရှိနိုင်မည်မဟုတ်ပေ။ အလားတူစွာပင် WHO

၏ Covid19-Technology Access Pool (C-TAP) ပဏာမခြေလှမ်းတွင်လည်း အားတက်စရာကောင်းသည့် တိုးတက်မှုများကို မတွေ့မြင်ရပေ။ (C-TAP သည် ဉာဏပစ္စည်းနှင့် ပတ်သက်ပြီး စေတနာအလျောက် ပါဝင်အကျိုးပြုခြင်း၊ နည်းပညာနှင့် အချက်အလက်များ ကမ္ဘာတစ်ဝန်းမျှဝေမှုနှင့် COVID- 19 ဆေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးကို အားပေးရန်အတွက် ဖြစ်သည်။) စေတနာအလျောက်ထုတ်ပေးသော လိုင်စင်များရှိနေလျှင်သော်မှ၊ ၄င်းတို့မှာ လျှိုဝှက်ပြီး စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များသည် ပွင့်လင်းမြင်သာမှုမရှိပါ။ ၎င်းတို့၏ scope များသည် သတ်မှတ်ထားသောပမာဏ သို့မဟုတ် ကန့်သတ်ထားသည့်နိုင်ငံအချို့အတွက်သာဖြစ်နေသဖြင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အားပေးသည်ထက် အမျိုးသားရေးဝါဒကိုသာ ပိုမိုအားကောင်းလာစေမည်ဖြစ်ပါသည်။

လက်ရှိကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ပမာဏခြေလှမ်းများထက် အဘယ်ကြောင့် ပိုမိုပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ပါသနည်း။

COVAX နှင့် ACT-Accelerator ကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်ချက် ပမာဏခြေလှမ်းများသည် လူပေါင်း ၇ဒသမ၈ ဘီလီယံအတွက် ကြီးမားလှသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်မလုံလောက်ပါ။ ACT-A ၏ ခြေလှမ်းသည် လာမည့်နှစ်အကုန်တွင် ကာကွယ်ဆေး နှစ်ဘီလီယံကို ဝယ်ယူရန်နှင့် ယင်းတို့အား ကမ္ဘာတစ်ဝန်းလုံးသို့ မျှတစွာ ဖြန့်ဝေပေးရန် ရည်ရွယ်ပါသည်။ ဆေးနှစ်ကြိမ်ထိုးရမည်ဆိုပါက လူပေါင်း ၁ ဘီလီယံသာ ကိုသာ ထိုးပေးနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ ACT-A အား အပြည့်အဝ ငွေကြေးထောက်ပံ့ပြီး အောင်မြင်လျှင်ပင် (လက်ရှိတွင် မအောင်မြင်သေးသော်လည်း အကယ်၍ အောင်မြင်လျှင်ပင်) ကမ္ဘာပေါ်ရှိ လူအများစုအတွက် ကာကွယ်ဆေးမလုံလောက်သေးပါ။

အတိတ်အတွေ့အကြုံ

လက်ရှိကပ်ရောဂါ၏ အစောပိုင်းလအနည်းငယ် အတွင်းတွင် နှာခေါင်းစည်းများ၊ PPE ဝတ်စုံများ၊ လက်သန့်ဆေးရည်များ၊ လက်အိတ်များနှင့် Covid-19 အတွက် အခြားမရှိမဖြစ် လိုအပ်သော ပစ္စည်းများမှာ ရုတ်တရက်အရေးပေါ် မလိုအပ်သေးဘဲ စင်ပေါ်တွင် ပစ္စည်းပြတ်သွားသည်ကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ရသည်။ ကာကွယ်ဆေးများရရှိသောအခါတွင် အလားတူ ဖြစ်စဥ်မျိုး မဖြစ်သင့်ပါ။ အကယ်၍ ဉာဏပစ္စည်းဆိုင်ရာမူပိုင်ခွင့် အတားအဆီးများမရှိပါက နောက်ဆုံးတွင် Covid-19နှင့်ဆိုင်သော အခြေခံဆေးဝါးများနှင့် ပစ္စည်းများကို ကမ္ဘာက ပိုမိုထုတ်လုပ်လာနိုင်မည်ဖြစ်ပါသည်။ ယခုအချိန်တွင် ကုသရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထုတ်လုပ်မှုများကို မြှင့်တင်နိုင်ရန်အတွက် သက်ဆိုင်သောဉာဏပစ္စည်းများနှင့် နည်းပညာများကို အတူတကွ စုစည်းထားရန် လိုအပ်ပါသော်လည်း ကံမကောင်း အကြောင်းမလှစွာဖြင့် ထိုသို့ဖြစ်မလာသေးရာ၊ ကင်းလွတ်ခွင့်ပေးရန် လိုအပ်နေသည်။

COVID-19 သည် ထူးခြားသည့် ကပ်ရောဂါဖြစ်ပြီး၊ တစ်သက်တွင် တစ်ခါသာကြုံတွေ့ရသည် ဖြစ်ခြင်းကြောင့် နယ်ပယ်ပေါင်းစုံမှ ဆက်စပ်ပတ်သက်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ သိပ္ပံပညာရှင်များ၊ သုတေသီများ၊ လူထုကျန်းမာရေး ပညာရှင်များနှင့် တက္ကသိုလ်များမှ အသိပညာ ဗဟုသုတများ၊ ကျွမ်းကျင်မှုများဖြင့် အများပြည်သူ ဘဏ္ဍာငွေအများအပြားကို အသုံးပြုကာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ပြီး ကာကွယ်ဆေးများကို အမြန်ဆုံး ရရှိ‌အောင် ကြိုးစားကြရခြင်းဖြစ်ရာ၊ ကာကွယ်ဆေးမှာ ဉာဏပစ္စည်းသက်သက်မဟုတ်ပေ။

အနာဂတ်သို့လမ်းများ

TRIPS waiver အဆိုပြုချက်သည် ယနေ့ကမ္ဘာကြီးကြုံနေရသော လူထုကျန်းမာရေး အရေးပေါ် အခြေအနေအပေါ် ဆီလျော်စွာ တုံ့ပြန်ခြင်း ဖြစ်ပါသည်။ ထိုသို့သော ကင်းလွတ်ခွင့်သည် WTO ကို ဖြစ်တည်စေခဲ့သော၊ Marrakesh သဘောတူညီချက် အပိုဒ် ၉ ပါ အချက်များတွင် ကောင်းစွာအကျုံးဝင်ပါသည်။ ကာကွယ်ဆေးများကို အချိန်မီ၊ အများပြည်သူ လက်လှမ်းမီအောင် ရရှိလာမည်ဆိုပါက လူ့အသက်ပေါင်းများစွာကို မဆုံးရှုံးနိုင်စေရန် ကူညီပေးနိုင်မည် ဖြစ်သည်။ ထို waiver ကို ကျင့်သုံးခြင်းအားဖြင့် WTO အပေါ် အများပြည်သူ၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်သည့်အပြင် ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်က ဆက်လက်သင့်လျော်မှုရှိနေသေးကြောင်းနှင့် အကျပ်အတည်းကာလတွင်လည်း အလုပ်ဖြစ်နေသေးကြောင်းကို ပြသနိုင်မည်ဖြစ်ပါသည်။ ယခုအချိန်သည် WTO အဖွဲ့ဝင်များအနေဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ရန်နှင့် စီးပွားရေး လျင်လျင်မြန်မြန် ပြန်လည်နလံထူလာနိုင်ရေးအတွက် waiver ကျင့်သုံးဆောင်ရွက်ရမည့် အချိန်လည်းဖြစ်ပါသည်။

ကာကွယ်ဆေးများ ရရှိလာအောင် ပြုလုပ်ခြင်းသည် သိပ္ပံပညာအတွက် စမ်းသပ်ချက်တစ်ခု ဖြစ်ပြီး၊ ထိုဆေးများအား လက်လှမ်းမီစေရန်နှင့် အများပြည်သူတတ်နိုင်အောင် ပြုလုပ်ပေးခြင်းသည် လူ့အဖွဲ့အစည်းအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါမည်။ Covid19 ကာကွယ်ဆေးများနှင့် ကုသမှုများ ရရှိနိုင်မှု (Availability) ၊ လက်လှမ်းမီနိုင်မှု (Accessibility) နှင့် အများပြည်သူက တတ်နိုင်မှု (Affordability) တို့အတွက် သမိုင်းက အေသုံးလုံးအဆင့်သတ်မှတ်ချက် “AAA rating” ဖြင့် ကျွန်တော်တို့ကို အမှတ်ရနေအောင် ဆောင်ရွက်သင့်ပါသည်။ ဆေး ရရှိနိုင်မှု (Availability) တစ်မျိုးတည်းအတွက် အေတစ်လုံးအဆင့်သတ်မှတ်ချက် “A rating” ရရုံမျှဖြင့် မလုံလောက်ပါ။ ကျွန်ုပ်တို့၏ အနာဂတ် မျိုးဆက်သစ်တို့သည် သည်ထက်မက ထိုက်တန်ပါသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly