မက်ဆီဒိုးနီးယားနည်းပြ မာယန်ကို ဧရာဝတီအသင်း ထုတ်ပယ်

မက်ဆီဒိုးနီးယားနည်းပြ မာယန်ကို ဧရာဝတီအသင်း ထုတ်ပယ်
ဧရာဝတီယူနိုက်တက်နည်းပြချုပ် မာယန်အား မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တစ်ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

နိုဝင်ဘာ ၂၁၊ ရန်ကုန်။                ။ မြန်မာနေရှင်နယ်လိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းသည် မက်ဆီဒိုးနီးယား လူမျိုးနည်းပြချုပ်မာယန် ကို လာမည့် ရာသီတွင် အသုံးစရိတ်လျော့ချမည်   ဖြစ်သည့်အတွက် စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေသေးသော်လည်း အသင်းမှ ထုတ်ပယ်လိုက်ပြီဟု အသင်းမီဒီယာတာဝန်ခံ ကိုအောင်ကျော်ကျော်မှ ပြောသည်။

မာယန်သည် ဧရာဝတီအသင်းကို ၂၀၁၂- ၂၀၁၃ရာသီတွင် ပထမအကြိမ် ကိုင်တွယ်ဖူးသလို  ၂၀၁၅ ဘောလုံးရာသီတွင်လည်း ဒုတိယအကြိမ်မြောက် တာဝန်ယူ၍ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရယူပေးခဲ့ကာ ၂၀၁၆ AFC Cuo ပြိုင်ပွဲ ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

“ မာယန်က အသင်းနှင့် ဘာပြဿနာမှ မရှိပါဘူး။ အသင်းရဲ့ အသုံးစရိတ်လျော့ချဖို့ အတွက် ထုတ်ပယ်လိုက်ရတာပါ။ စာချုပ်တစ်နှစ်ကျန်သေးတဲ့အတွက် ဘယ်လိုညှိနိုင်းရမလဲ ဆိုတာကိုတော့ သူ့အေးဂျင့်နဲ့ ညှိနှိုင်းရဦးမှာပါ။ လောလောဆယ်တော့ သူ့နေရာကို ပြည်တွင်းနည်းပြတစ်ဦး ထားဖို့ အသင်းပိုင်ရှင်ကတော့ ပြောထားပါတယ်။ ဘယ်သူဖြစ်မလဲတော့ မသေချာသေးပါဘူး။   နိုင်ငံခြားသားကစားသမားသစ်တွေလည်း လာမယ့် ၂၇ ရက်ဆို ငါးယောက်လောက် လာစမ်းဖို့ရှိပါတယ်။ အနည်းဆုံး သုံးယောက်လောက်ခေါ်ဖို့တော့ မှန်းထားပါတယ် ” ဟု ကိုအောင်ကျော်ကျော်မှ ပြောသည်။

ဧရာဝတီအသင်းသည် ၂၀၁၅ ဘောလုံးရာသီအကုန်တွင် ပြီးခဲ့သည့် ရာသီမှ နိုင်ငံခြားသားကစားသမား လေးဦးလုံးအား စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ခြင်း မရှိသည့် အပြင် လက်ရွေးစင်ကစားသမားအချို့လည်း ပြောင်းရွေ့ရန် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required