ပါရီတိုက်ခိုက်မှုအတွင်း သူနာပြုတစ်ဦးက ကယ်ဆယ်ရန်ကြိုးစားခဲ့သူမှာ အသေခံဗုံးခွဲသမားဖြစ်နေ

ပါရီတိုက်ခိုက်မှုအတွင်း သူနာပြုတစ်ဦးက ကယ်ဆယ်ရန်ကြိုးစားခဲ့သူမှာ အသေခံဗုံးခွဲသမားဖြစ်နေ

ပါရီ၊ နိုဝင်ဘာ -၂၁ ။          ။ နိုဝင်ဘာ ၁၃ရက် ပါရီတိုက်ခိုက်မှုများအတွင်း တစ်ခုသောပစ်မှတ်ဖြစ်သည့် Comptoir Voltaire ကဖေးတွင် ဗုံးပေါက်ကွဲ၍ ဝရုံးသုဉ်းကားဖြစ်နေစဉ်အတွင်း သူနာပြုဒေးဗစ်မှာ သဘာဝအလျောက် ဒဏ်ရာရသူများကို ကူညီရန် ကြိုးစားမိသည်ဟု ဆိုသည်။

ဒဏ်ရာရသူများကြားတွင် ကျွမ်းထိုးမှောက်ခုံဖြစ်နေသည့် စားပွဲကုလားထိုင်များကြားတွင် လူတစ်ယောက် လဲလျောင်းနေသည်။ သူ၏ ပထမနာမည် ဒေးဗစ်ဟုသာသုံးရန် တောင်းဆိုသည့် သူနာပြုက ထိုလူကို ပြုစုပေးနေခဲ့သည်။ ထိုလူမှာ ဒဏ်ရာကြီးကြီးမား ရရှိပုံမရသော်လည်း သတိမေ့နေပုံရသည်။ ဒေးဗစ်က သူ ကျင့်သားရပြီးသည့်နည်းအတိုင်း ရှေးဦးသူနာပြုနည်းဖြင့် ထိုလူကို သတိပြန်လည် လာအောင် လုပ်နေခဲ့သည်။

ထိုလူ၏ တီရှပ်ကို ဖြဲဖွင့်လိုက်သည့်အခါတွင် သေနတ်သမားများက လူ ၈၉ယောက်ကို သတ်ဖြတ်ခဲ့ရာ ဘာတာကလန် ဂီတခန်းမအနီးရှိ ကဖေးတွင် ဓာတ်ငွေ့ပေါက်ကွဲမှုမှာ ပိုမိုဆိုးရွားသည်ဟု ကနဦးက တွေးခဲ့မိသည်ကို ဒေးဗစ် သဘောပေါက်သွားခဲ့သည်။

‘သူ့ရင်ဘတ်မှာ ဝါယာကြိုးတွေ။ အဖြူ၊ အနက်၊ အနီနဲ့ လိမ္မော်ရောင်ဝါယာကြိုးတွေ။ အရောင်လေးမျိုးနဲ့။ သူဟာ အသေခံဗုံးခွဲသမားဆိုတာ ကျနော်သိသွားခဲ့တယ်’’ဟု ဒေးဗစ်က ရိုက်တာသို့ ပြောကြား ခဲ့သည်။.

ဒေးဗစ်တစ်ယောက် နှလုံးပြန်ခုန်လာအောင် ကြိုးစားနေသူမှာ ဘားများ၊ စားသောက်ဆိုင်များ၊ ဘောလုံးကွင်းနှင့် ဂီတခန်းမတို့တွင် လူပေါင်း ၁၃၀ သေဆုံးခဲ့ရသည့် အတွဲလိုက်တိုက်ခိုက်မှုများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဘရာဟင် အက်ဒီစလမ်ဆိုသူပင်ဖြစ်သည်။ ကဖေးတွင်မူ အက်ဒီစလမ်မှလွဲ၍ တစ်ဦးတစ်ယောက်မှ သေဆုံးခြင်းမရှိခဲ့ပေ။

ရိုက်တာက ရိုက်ယူထားသည့် အပျော်တန်းဗွီဒီယိုထဲတွင်မူ ကြမ်းပြင်ပေါ် လဲနေသူကို နှလုံးပြန်ခုန်လာအောင်လုပ်နေသည့် လူနှစ်ဦးကို ကဖေးအပြင်ဘက်မှ မြင်နေရသည်။ တစ်ယောက်မှာ ဒေးဗစ်ဖြစ် ဖွယ်ရှိပြီး အခြားတစ်ယောက်မှာမူ မည်သူမည်ဝါ မသိရပေ။။

၎င်းတို့အနီးတွင်မူ အခြားပုဂ္ဂိုလ်တစ်ယောက် သွေးအိုင်ထဲတွင် ဒဏ်ရာနှင့် လဲနေသည်။ ‘ကျနော်မြင်လိုက်တဲ့ ပထမဆုံးဝါယာက အနီ။ အဲဒါက စနက်တံဖြစ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ အဆုံးမှာတော့ တစ်ခုခု ရှိလိမ့်မယ်’’ဟု ဒေးဗစ်က ပြောသည်။

သူကယ်တယ်ရန်ကြိုးစားနေသူမှာ သူ့ကို သတ်ရန် ကြိုးစားခဲ့သူမှန်း သိလိုက်သည့်အချိန်တွင်ပင် မီးသတ်တပ်ဖွဲ့များရောက်လာရာ သူသိသည့် မီးသတ်သမားတစ်ဦးလည်း ပါလာသောကြောင့် သူက မြင်ခဲ့သမျှကို ပြန်ပြောပြသည်တွင် မီးသတ်သမားက သူ့ကို စေ့စေ့ကြည့်ပြိး လူတိုင်းကို နေရာမှ ဖယ်ရှားပေးကြရန် အော်ဟစ် အမိန့်ပေးလိုက်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required