နှစ်နိုင်ငံဆက်ဆံရေး နွေးထွေးလာသော်လည်း အမေရိကန် အရာရှိများ၏ အလည်အပတ်ခရီးကို အိန္ဒိယ ပိတ်ဆို့ထား

နှစ်နိုင်ငံဆက်ဆံရေး နွေးထွေးလာသော်လည်း အမေရိကန် အရာရှိများ၏ အလည်အပတ်ခရီးကို အိန္ဒိယ ပိတ်ဆို့ထား

ဝါရှင်တန်၊ နိုဝင်ဘာ-၂၁ ။                ။ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီလက်ထက်တွင် အမေရိကန်-အိန္ဒိယဆက်ဆံရေးမှာ အသစ်ပြန်လည် နွေးထွေးလာခဲ့သော်လည်း သောကြာနေ့က သံတမန် အသိုင်းအဝိုင်း၏ ပြောကြားချက်အရ နှစ်နှစ်အလွန်က ဆက်ဆံရေးကို ဆိုးရွားသွားစေခဲ့သည့် သံတမန်ရေးအချင်းများမှုကြောင့် အမေရိကန်ပြည်ထောင်စုမှာ အကြီးတန်းအရာရှိနှစ်ဦး၏ အလည်အပတ်ခရီးကို စီစဉ်ရန် အခက်တွေ့နေခဲ့သည်ဟု ဆိုသည်။

ဝါရှင်တန်က အသစ်စက်စက် ခန့်အပ်လိုက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေး သံအမတ်ကြီး ဆူဆန် ကော့ပတ်နှင့် LGBT အခွင့်အရေးများဆိုင်ရာ အထူးသံတမန် ရန်ဒီ ဘယ်ရီတို့နှစ်ဦးကို ယခုလတွင် နယူးဒေလီသို့ စေလွှတ်ရန် စီစဉ်နေသည်။

လူကုန်ကူးမှုပြဿနာက အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယကို ကွဲလွဲအချင်းများစေခဲ့ခြင်းပင် ဖြစ်သည်။ လိင်တူချင်းလက်ထပ်မှုမှာ အိန္ဒိယတွင် တရားမဝင်သောကြောင့် အိုဘားမား အစိုးရက   မြှင့်တင်နေသည့် မိန်းမလျာအခွင့်အရေးများနှင့် ပတ်သက်၍လည်း နှစ်နိုင်ငံ သဘောထားကွဲလွဲကြသည်။

အလည်အပတ်ခရီးစဉ်မှာ အခက်အခဲကြုံနေရသည်ဟု အမည်မဖော်လိုသည့် အသင်းအရင်းမြစ်က ပြောကြားခဲ့သည်။ ‘အလည်အပတ်ခရီးကို စီစဉ်ပြီးပြီ။ ဒီအချိန်လောက်ဆိုရင် သူတို့ ဒီကိုရောက်နေရမှာ။ ဒါပေမယ့် ပြဿနာ နည်းနည်းရှိနေတယ်’’ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။  

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိသကဲ့သို့ အိန္ဒိယသံအမတ်ကြီး အာရွန် ကေ ဆင်းကလည်း နိုဝင်ဘာ ၄ရက်ဟု ကြေညာထားသည့် ကော့ပက်၏ ခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းသည့်အခါတွင် ရှင်းလင်းပြောကြားခြင်းမရှိခဲ့ပေ။

 ‘ကျနော်တို့ တွေ့ကြမှာပါ။ တစ်ယောက်ယောက်ကို ဘယ်အချိန်မှာ ပြည်ဝင်ခွင့်ပေးမလဲလို့ အမေရိကန်အရာရှိတစ်ယောက်ကို မေးလာခဲ့ရင် သူတို့က ပြည်ဝင်ခွင့်လျှောက်လာတဲ့အချိန်မှ စဉ်းစားမယ်လို့ ပြောကြမှာပါ။ ကျနော်က အမေရိကန်ရဲ့ ရည်တည်ချက်အတိုင်း ပြန်နေရုံပါပဲ’’ဟု ဆင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

အိန္ဒိယသံတမန်တစ်ဦးဖြစ်သည့် ဒက်ယာနီ ခိုဘရာဂိတ်ကို ဗီဇာလိမ်လည်မှု၊ အိမ်အကူအလုပ်သမားတစ်ယောက်ကို လုပ်ခနှိမ်ပေးမှုများဖြင့် ဖမ်းဆီးလိုက်သည့် ၂၀၁၃ခုနှစ်တွင် နှစ်နိုင်ငံကြား လူကုန်ကူးမှုပြဿနာ ပေါက်ကွဲဖြစ်ပေါ်လာခဲ့သည်။

ခိုဘရာဂိတ်အားဖမ်းဆီးရှာဖွေမှုကြောင့် အိန္ဒိယတွင် မကျေနပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး ပြဿနာမှာ ပြင်းထန်လာခဲ့သော်လည်း နှစ်နိုင်ငံစလုံးက ဘုံအကျိူးစီးပွားများကို အလေးအနက်ထားသောကြောင့် မိုဒီ အာဏာရလာပြီးနောက်တွင် အမေရိကန်-အိန္ဒိယဆက်ဆံရေးမှာ ခိုင်မာအားကောင်းလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required