ဗန်းမောက်-အင်းတော် ကားလမ်းပေါ်မှ မြေသားကြွတက်မှုဖြစ်ပေါ်

ဗန်းမောက်-အင်းတော် ကားလမ်းပေါ်မှ မြေသားကြွတက်မှုဖြစ်ပေါ်
ဓါတ်ပုံ- Thein Swe Win Facebook

ရန်ကုန်၊နိုဝင်ဘာ ၂၁။                  ။ အင်းတော်- ဗန်းမောက် ကားလမ်းပေါ်တွင် နိုဝင်ဘာလ ၁၈ ရက်နေ့က ဖြစ်ပေါ်လျက်ရှိသော မြေသားကြွတက်မှုမှာ ဒေသခံများက စိုးရိမ်ပူပန်လျက်ရှိသော ငလျင်၏ အကျိုးဆက်များကြောင့် မဟုတ်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောသည်။

" ကျွန်တော်တို့ မြင်တွေ့ရတဲ့ ဓါတ်ပုံတွေအရ ဒီမြေသားကြွတက်မှုဟာ ငလျင်ကြောင့်မဟုတ်ဘူးလို့ ကောက်ချက်ချထားပါတယ်။ ၃ ပေလောက်မြင့်တက်သွားလောက်အောင် တွန်းတင်ဖို့ဆိုရင် ငလျင်အင်အားက ရစ်ချ်တာစကေး ၇.၅ နဲ့အထက်လှုပ်ကိုလှုပ်ရမှာပါ" ဟု ဒေါက်တာမျိုးသန့်က ပြောသည်။

အနီးအနားမှာရှိသည့် တောင်တစ်တောင်မှာ ဒေါင်လိုက်မြေသားပြိုကျမှုဖြစ် ထားကြောင်း မြေသားပြတ်ရွှေ့ မှုကြောင့် ဖြစ်နိုင်ကြောင်း၊ ကွင်းဆင်းသုတေသန ပြုပြီးမှသာ သေသေချာချာ ပြောနိုင်မည်ဟု ၎င်းကပြောသည်။

"ကျွန်တော်ကျောင်းစစ်တွေလိုက်စစ်ရင်းနဲ့ အဲဒီနေရာကိုတွေ့မိတာပါ။ နိုဝင်ဘာ ၁၅ ရက်နေ့လောက်တုန်းက ၆ လက်မလောက်ပဲ ကြွတက်နေတာ။ ၁၈ ရက်နေ့မှာတော့ မြေသားကြွတက်မှုက ၃ ပေလောက်အထိ ဖြစ်နေပြီ။ ဒါကြောင့် မြေငလျင်ကော်မတီကို ကွင်းဆင်းသုတေသနလုပ်နိုင်အောင် အသိပေးအကြောင်းကြားထားပါတယ်" ဟု အင်းတော်မြို့နယ်၊ ဒုတိယပညာရေးမှူး ဦးသိန်းဆွေဝင်းက ပြောသည်။

ထို့အပြင် ကားလမ်းအနီးတွင် မြေကြီးများအက်ကွဲနေမှုကို နေရာအနှံ့အပြားတွေ့ရကြောင်း၊ အင်းတော်အင်း၏ပေ(၁၅၀) ခန့် အကွာရှိ လယ်မြေများတွင် မြေသားများ၊ မြေစာများ ထိုးထွက်နေသည်ကိုလည်း တွေ့ရကြောင်း ၎င်းကပြောသည်။

မြေသားကြွတက်မှု ဖြစ်ပွါးရာနေရာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အင်းတော် -ဗန်းမောက်ကားလမ်း မိုင်တိုင်အမှတ်(၂၀/၃)တွင် ဖြစ်ပြီး အောက်တိုဘာ ၁၁ က ယင်းနေရာနှင့် ၅ မိုင်ခန့်ကွာဝေးသော အင်းတော်မြို့နယ်တွင်း ဆိပ်သာ/မန်ဖာကိုဗဟိုပြု၍ ပြင်းအား(၄.၅) ရစ်ချ်တာစကေးရှိ ငလျင်တစ်ခုလှုပ်သွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly