တရုတ်နိုင်ငံတင် ကျောက်မီးသွေးတွင်း မီးလောင် ၂၁ဦးသေ ၁ဦး ပျောက်ဆုံးလျှက်ရှိ

တရုတ်နိုင်ငံတင် ကျောက်မီးသွေးတွင်း မီးလောင် ၂၁ဦးသေ ၁ဦး ပျောက်ဆုံးလျှက်ရှိ

ပေကျင်း၊ နိုဝင်ဘာ-၂၁ ။          ။ ဒေသတွင်းအာဏာပိုင်များနှင့် နိုင်ငံပိုင်မီဒီယာ၏ ယနေ့ပြောကြားချက်အရ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း   ဟေလုံကျန်းပြည်နယ်အတွင်းရှိ  ကျောက်မီးသွေးတွင်း  တစ်ခုတွင် ညနှောင်းပိုင်း မီးလောင်ကျွမ်းမှုဖြစ်ပွားရာ လူ ၂၁ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးလျှက်ရှိသည်ဟု ဆိုသည်။

နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီ၏ ပြောကြားချက်အရ ကျီရှီမြို့အတွင်းရှိ ရှင်းဟွာ ကျောက်မီးသွေးတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားရာ စနေနေ့တွင် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သော်လည်း Heilongjiang Longmay Mining Holding Group က ပိုင်ဆိုင်သည့် ၎င်းကျောက်မီးသွေးတွင်းတွင် ရုပ်အလောင်း ၂၁လောင်းကို ပြန်လည်တူးဖော်တွေ့ရှိရသည်ဟု ဆိုသည်။

ပြည်နယ် လုပ်ငန်းခွင်လုံခြုံရေးစီမံဌာနက မီးလောင်မှုနှင့် အသေအပျောက်အရေအတွက်ကို စနေနေ့တွင် အတည်ပြုပေးခဲ့သည်။

အဆင့်နိမ့် တရုတ်ဗျူရိုက်ကရက်များ၏ ထုံးစံအတိုင်း မျိုးရိုးအမည် ရှင်းဟုသာပြောကြားသည့် လုပ်ငန်းခွင်လုံခြုံရေးဝန်ထမ်းတစ်ဦးက ပျောက်ဆုံးနေသူကို ကယ်ဆယ်ရေးသမားများက ရှာဖွေလျှက်ရှိကြောင်း ပြောကြားသည်။

ဆင်ဟွာ၏ ပြောကြားချက်အရ သောကြာနေ့ညက မီးလောင်ကျွမ်းချိန်တွင် မြေအောက်တွင် သတ္တုတွင်းလုပ်သား ၃၈ယောက် အလုပ်လုပ်လျှက်ရှိရာ ၁၆ယောက်ကို ဘေးလွတ်ရာသို့ ဆွဲထုတ်ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကိုမူ ဆင်ဟွာက ပြောကြားခြင်းမရှိပေ။

မြောက်ပိုင်း ရှန်ရှီးပြည်နယ် ဒါတုန်းမြို့ရှိ ကျောက်မီးသွေးတွင်းတွင် ရေစိမ့်ဝင်မှုကြောင့် လူ၂၁ယောက် သေဆုံးခဲ့ရသည့် ယခုနှစ် ဧပြီလက ဖြစ်ရပ်နောက်ပိုင်းတွင် ယခုမီးလောင်မှုမှာ အသေအပျောက် အများဆုံး သတ္တုတွင်းမတော်တဆမှုပင် ဖြစ်သည်။

တရုတ်သတ္တုတွင်းများမှာ ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံးဖြစ်သော်လည်း လုံခြုံရေးတိုးတက်လာမှုများကြောင့် မကြာသေးမီနှစ်များအတွင်း အသေအပျောက်နှုန်း လျော့နည်းကျဆင်း လာခဲ့သည်။

ယမန်နှစ်က တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် သတ္တုတွင်းမတော်တဆမှုများကြောင့် လူ ၉၃၁ဦးသေဆုံးခဲ့ရာ သတ္တုတွင်းလုပ်သား ၇၀၀၀နီးပါး သေဆုံးခဲ့ရသည့် ၂၀၀၂ခုနှစ်ကနှင့်စာလျှင် သိသိသာသာ ကျဆင်းသွားခဲ့ခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required