NLD ကိုယ်စားလှယ်လောင်း ၃ ဦးနှင့် တပ်မတော်သားများ လွတ်မြောက်မှု နိပွန်ဖောင်ဒေးရှင်းကြိုဆို

NLD ကိုယ်စားလှယ်လောင်း ၃ ဦးနှင့် တပ်မတော်သားများ လွတ်မြောက်မှု နိပွန်ဖောင်ဒေးရှင်းကြိုဆို

ဇန်နဝါရီလ ၁ ၊ ၂၀၂၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းသုံးဦးနှင့် တပ်မတော်သားများ လွတ်မြောက်လာခြင်းအတွက် ဝမ်းသာကြိုဆိုကြောင်း နိပွန်ဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာလိုက်သည်။

" ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲများပြန်လည်ကျင်းပနိုင်ရေးအတွက် မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော် AA တို့၏ စေ့စပ်ညှိနှိုင်းမှုများမှတစ်ဆင့် ၂၀၂၁ ခုနှစ် ဇန္နဝါရီလ၁ ရက်နေ့တွင် လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးနှင့် မြန်မာ့တပ်မတော်မှ စစ်သည်တော်များအတွက် များစွာကျေနပ်ဝမ်းမြောက်မိပါကြောင်း " ဟု ယနေ့ သောကြာနေ့ထုတ် နိပွန်ဖောင်ဒေးရှင်း၏ ကြေညာချက်တွင် ပါရှိသည်။

နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ရိုဟေး ဆာဆာကာဝါသည် ဂျပန်အစိုးရ၏ အထူးသံတမန်အဖြစ်  တပ်မတော်နှင့် AA တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး ကြားဝင်နားချစေ့စပ်ပေးနေသူဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သောနေရာများတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တိုက်တွန်းထားသည်။

ဝါရင့်သံတမန် မစ္စတာဆာဆာကာဝါသည် ဂျပန်နိုင်ငံကိုယ်စားပြု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်ဖြစ် မြန်မာနိုင်ငံကို ရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပွဲအပြီးမှာပါ လာရောက်ခဲ့သည်။

" ဆက်လက်၍လည်း မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော် (AA) ကြားတွင် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးခိုင်မာစွာရရှိသည့်တိုင်အောင် နှစ်ဖက်သဘောထားကြီးမားစွာထားရှိ၍ ဆက်လက်ဆွေးနွေးဆောင်ရွက်သွားနိုင်မည်ဟူ၍ ယုံကြည်ပါသည်။" ဟူ၍ နိပွန်ဖောင်ဒေးရှင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

NLD ပါတီဝင်အမတ်လောင်းများဖြစ်ကြသော ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်၊ဒေါ်ချစ်ချစ်ချောတို့ကို သောကြာနေ့ နေ့လည် ၂နာရီကျော်က မြေပုံမြို့ နယ် မီးကျောင်းတက် ကျေးရွာတွင် AA က တပ်မတော်ဘက်သို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက မဇ္ဈိမကို အတည်ပြု ပြောကြား သည်။
 
ဦးဖေသန်းက “  နေ့လည် ၁ နာရီက တပ်မတော်က လာယူမှာကို တပ်မတော်ဘက်က ဖမ်းဆီးထားတဲ့ပုဂ္ဂိုလ်တွေကို ထမင်းကျွေးပြီးတော့ စောင့်စားနေတယ်ဆိုတော့ သတင်းရတယ်။ ခုတော့ နောက်ဆုံးသတင်းက တိုင်းဗဟို(၉)က ကျောင်းအုပ်ကြီးကိုယ်တိုင် ကားသုံးစင်းနဲ့ လာပြီးတော့ NLD ကိုယ်စားလှယ် သုံးဦးကို လွဲပြောင်းရယူသွားတဲ့ သတင်းရရှိပါတယ်” ဟု ပြောသည်။
 
လွတ်မြောက်လာသူ NLD ပါတီဝင်များကို တင်ဆောင်သွားသည့် ကားသုံးစင်းသည် စစ်တွေ ရန်ကုန်လမ်းအတိုင်း မောင်းနှင်သွားကြောင်း ဦးဖေသန်း ကပြောသည်။

နာမကျန်းဖြစ်သည့် တပ်မတော်သားသုံးဦးကိုလည်း AA က လွှတ်ပေးမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း  အဆိုပါလွှဲပြောင်းရာနေရာတွင် မတွေ့ခဲ့ဟု ဒေသခံများက ပြောသည်။

အမတ်လောင်းသုံးဦးမှာ အောက်တိုဘာ ၁၄ ရက်နေ့က တောင်ကုတ်တွင်  ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း အဖမ်းခံခဲ့ရခြင်းဖြစ်သည်။  
 
အများမထင်မှတ်ထားသည့်အပြောင်းအလဲတစ်ခု ရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာခဲ့ရာတွင် တပ်မတော်နှင့် ရခိုင့်တပ် AA တို့ဆွေးနွေးမှုများဖြစ်ခဲ့ပြီး တိုက်ပွဲများရပ်စဲသွားသလို ရွေးကောက်ပွဲပြန်ကျင်းပရေးနှင့် ဖမ်းဆီးထားသူများလွတ်မြောက်ရေးဆွေးနွေးမှုများပါ ဖြစ်ပေါ်လာခဲ့သည်။

ရခိုင်အရပ်ဘက်အဖွဲ့စည်းများကြားခံကာ အွန်လိုင်းဆွေးနွေးမှုများမှတဆင့် တိုးတက်လာခဲ့ပြီးနောက် နှစ်ဘက်ကိုယ်စားလှယ်များမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုများပါဖြစ်ပေါ်လာခဲ့သည်။ ဒီဇင်ဘာ ၉ ရက်နေ့က “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့တွင် ဆွေးနွေးခဲ့သည်။

ပန်ဆန်းဆွေးနွေးပွဲသို့ တပ်မတော်ဘက်မှ စရဘ ခေါ် စစ်ဘက်ရေးရာလုံခြုံရေးဒုတိယအရာရှိချုပ် ဗိုလ်ချုပ်တိုးရီ ဦးဆောင်ခဲ့ပြီး AA ဘက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင် ခေါင်းဆောင်ခဲ့သည်။

ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးအတွက် ပမာဏအဖြစ် ကိုယ်စားလှယ်လောင်းသုံးဦး လွတ်မြောက်ရေးအပါအဝင် နှစ်ဘက်ဖမ်းဆီးပုဂ္ဂိုလ်များလွှတ်ပေးရေး ဆွေးနွေးမှုကို  ပန်ဆန်းတွင် ထပ်မံကျင်းပရန်စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ဖြစ်ပွားမှုများရှိနေသဖြင့် အွန်လိုင်းဆွေးနွေးမှု အမြန်ကျင်းပရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းခဲ့ရာက ယခုကဲ့သို့အမြန်လွတ်မြောက်လာခြင်းဖြစ်သည်ဟု နှစ်ဘက်ဆွေးနွေးမှုများ အကြောင်းကောင်းစွာသိရှိနေသော သတင်းအရင်းအမြစ်တစ်ခုက မဇ္ဈိမသို့ ရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required