အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဝန်ကြီးဦးအောင်မင်းပြန်လည်ပါဝင်နိုင်ရန် USDP အတွက် ၂နေရာလျာထား

အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဝန်ကြီးဦးအောင်မင်းပြန်လည်ပါဝင်နိုင်ရန် USDP အတွက် ၂နေရာလျာထား

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ။             ။ အစိုးရသစ်လက်ထက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဝန်ကြီးဦးအောင်မင်းပြန်လည် ပါဝင်နိုင်ရန်အတွက် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် ကိုယ်စားလှယ်နေရာ ၂နေရာလျာထားသက်မှတ် ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်ရွေးချယ်ပွဲမှသိရသည်။

"USDP က ၂ဦးဘယ်လို့ရွေးလည်းပြောလို့ရတယ်။ ကျွန်တော်အစိုးရကထွက်သွားရင်ဘယ်နေရာသွားထိုင်မလဲ အဲဒီတော့ USDP မှာကျွန်တော့်ကိုထိုင်စေချင်လား၊ ထိုင်စေချင်ရင် USDP မှာ တစ်နေရာပေးထားဖို့ လိုအပ်ပါတယ်။" ဟု ဦးအောင်မင်းက ၎င်းအဆိုပြုသည့် ကိုယ်စားလှယ် ၉ဦးရွေးချယ်မှုအခြေအနေရှင်းလင်း ရာတွင်ပြောကြားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးမူဘောင်ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC )တွင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ ပါဝင်နိုင်ရေး ရွေးချယ်ပွဲကို နိုဝင်ဘာလ ၂၁ရက်၊ နံနက် ၉နာရီတွင်စတင်ခဲ့ပြီး ကိုယ်စားလှယ် မရွေးချယ်မီ ဦးအောင်မင်းက စတင်အဆိုပြုလျာထားချက်ကို ပါတီများသို့ ချပြခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၂ဦး၊ ပြည်ခိုင်ဖြိုးမှ ၂ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNA တို့က ၁ဦးစီ စုစုပေါင်း ၉ဦး ကို အဆိုပြုခဲ့သည်။
ဦးအောင်မင်းအဆိုပြုသည့် ၉ဦးနှင့် ယင်းအဆိုပြုချက်တွင် မပါဝင်သေးသည့် နိုင်ငံရေးပါတီများမှ ကျန်ရှိသည့် ကိုယ်စားလှယ် ၇ဦးကိုရွေးချယ်မည်ဖြစ်သည်။

ကျန်ရှိသည့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ် ၇ဦးကို ယနေ့တွင်ရွေးချယ်နိုင်ခြင်းမရှိပါကလည်း၊ အဆိုပြုထားသည့် ၉ဦးဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြုလုပ်သွားမည်ဖြစ်ပြီး ရွေးချယ်ပြီးသည့် အချိန် အတွင် အားလုံးပါဝင်လာနိုင်သည်ဟု ဦးအောင်မင်းက ထပ်မံပြောဆိုသည်။

နိုင်ငံရေးပါတီမှ ၁၆ဦးအပြင် အကြံပေးအဖွဲ့ဝင်အဖြစ် ပညာရှင် ၄ဦးနှင့် နိုင်ငံရေးပါတီ မှ ကိုယ်စားလှယ် ၄ဦးပါဝင်သည့်  အကြံပေးအဖွဲ့ကိုလည်း ယနေ့တွင်ရွေးချယ်မည်ဖြစ်သည်။

UPDJC တွင် နိုင်ငံရေးပါတီမှ ၁၆ဦး၊ အပစ်ရပ်လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ၁၆ဦး နှင့် တပ်မတော်အပါအဝင် အစိုးရအဖွဲ့မှ ၁၆ဦးကျစီ ပါဝင်မည်ဖြစ်သည်။

နိုဝင်ဘာ ၂၁ရက်၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်ရွေးချယ်ပွဲကို မွန်အမျိုုးသားပါတီ ရှမ်း(ကိုးကန့်) ဒီမိုကရက်တစ်ပါတီ၊ ဓနုတိုင်းရင်းသားလူများများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားညီညွတ်ရေး ကွန်ကရက်ပါတီတို့မှအပ ကျန်နိုင်ငံရေးပါတီပေါင်း ၈၆ပါတီမှ ကိုယ်စားလှယ်ပေါင်း ၂၀၀ကျော် တက်ရောက်သည်။ နောက်ဆုံးရွေးချယ်ဆုံးဖြတ်ချက်များကို ဆက်လက်ရေးသားဖော်ပြဦးမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required