ရရှိခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို မယုံကြည်နိုင်လောက်စရာ လုပ်ရပ်တစ်ခုအဖြစ် လီဝန်ဒေါစကီးဆီ လွှဲပေးခဲ့တဲ့ ရော်နယ်လ်ဒို

ရရှိခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို မယုံကြည်နိုင်လောက်စရာ လုပ်ရပ်တစ်ခုအဖြစ် လီဝန်ဒေါစကီးဆီ လွှဲပေးခဲ့တဲ့ ရော်နယ်လ်ဒို
Photos: Globe Soccer/Twitter

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ရဲ့ Globe Soccer 'တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု'ကို မယုံကြည်နိုင်လောက်စရာ လုပ်ရပ်တစ်ခုအဖြစ် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဆီ လွှဲပြောင်းပေးအပ်သွားခဲ့တယ်လို့ သိရပါတယ်။ 

ဂျူဗင်တပ်စ်ပ်စူပါစတား ရော်နယ်လ်ဒိုဟာ ပရိသတ်တွေရဲ့ ၂၀၂၀ ခုနှစ်ရဲ့ ထိပ်တန်းစွမ်းဆောင်ရှင်အဖြစ် မဲပေးရွေးခြင်းခံခဲ့ရပြီးနောက် တနင်္ဂနွေနေ့နေ့လယ်ပိုင်းက ဒူဘိုင်းမှာ ဂုဏ်ပြုဆုလက်ခံရယူခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးနဲ့ သူ့ရဲ့ အေးဂျင့် ဂျော့ဂျ်မန်းဒက်စ်တို့ဟာ ဆုကို လက်မခံဖို့အတွက် ရွေးချယ်ခဲ့တယ်လို့ Tuttosport သတင်းက ဆိုပါတယ်။ 

အကြောင်းရင်းကတော့ ဒီဆုဟာ 'မမျှတဘူး'လို့ သူတို့က ခံစားခဲ့ရတာကြောင့်ဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ပရိသတ်တွေကြားမှာ သူ့ရဲ့ ခြေစွမ်းထက် ထင်ပေါ်ကျော်ကြားမှုကြောင့်သာ ဒီဆုကို ရရှိခဲ့တာဖြစ်တယ်လို့ ထင်မြင်နေခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် လီဝန်ဒေါစကားက ဆုဆွတ်ခူးဖို့ ထိုက်တန်သူဖြစ်လို့ လွှဲပြောင်းပေးခဲ့တာပါ။

လီဝန်ဒေါစကီးဟာ ၂၀၂၀ ခုနှစ်အတွင်း ၅၅ ဂိုး သွင်းယူခဲ့ပြီး ဘိုင်ယန်ကို ပြီးခဲ့တဲ့ နွေရာသီမှာ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားသုံးလုံး တစ်ပြိုင်တည်းရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။ 

ဒါပေမယ့် ရော်နယ်လ်ဒိုဟာ သူ့အတွက် နောက်ထပ် အကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး 'ရာစုနှစ်ရဲ့ အကောင်းဆုံးကစားသမားဆု' ပေးအပ်ခံခဲ့ရတာဖြစ်ပါတယ်။ 

သူဟာ မန်ချက်စတာယူနိုက်တက်၊ ရီးယဲလ်မက်ဒရစ်နဲ့ လက်ရှိ ဂျူဗင်တပ်စ်အသင်းတို့ အပါအဝင် ကမ္ဘာ့ အကြီးမားဆုံးအသင်းတွေထဲက အချို့မှာ ၎င်းရဲ့ နာမည်ကို ရေးထိုးနိုင်ခဲ့ပါတယ်။

"ကျနော်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်အနေနဲ့ နှစ်ပေါင်း ၂၀ ဆက်တိုက် ကစားခဲ့ပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့တယ်။ နောက်ထပ် စံချိန်တွေ ချိုးဖျက်နိုင်မလားဆိုတာ ကျနော် မသိပါဘူး။" 

Globe Soccer Awards ရရှိခဲ့သူများ 

ရာစုနှစ်အကောင်းဆုံးကစားသမား - ခရစ္စတီယာနို ရော်နယ်လ်ဒို (ဂျူဗင်တပ်စ်)
ရာစုနှစ်အကောင်းဆုံးနည်းပြ - ဂွါဒီယိုလာ (မန်စီးတီး)
ရာစုနှစ်အကောင်းဆုံးကလပ်အသင်း - ရီးယဲလ်မက်ဒရစ်
ရာစုနှစ်အကောင်းဆုံးအေးဂျင့် - ဂျော့ချ်မန်ဒက်စ်
၂၀၂၀ ခုနှစ် အကောင်းဆုံးကစားသမား - လီဝန်ဒေါစကီး (ဘိုင်ယန်မြူးနစ်)
၂၀၂၀ ခုနှစ် အကောင်းဆုံးနည်းပြ - ဟန်ဆီဖလစ်ခ် (ဘိုင်ယန်မြူးနစ်)
၂၀၂၀ ခုနှစ် အကောင်းဆုံးကလပ်အသင်း - ဘိုင်ယန်မြူးနစ်
Player Career Award - ကာဆီးလက်စ်နဲ့ ပီကေး
အရှေ့အလယ်ပိုင်း၏ ဆုဖလားအများဆုံးအသင်း - အယ်လ်အာလီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly